ဝါရှင်တန်၊ ဧပြီ ၇
အီရန် စစ်ပွဲအတွင်း နေတိုးမဟာမိတ်တွေက အမေရိကန်ကို ကူညီမှု မရှိတာနဲ့ ပတ်သက်ပြီး သမ္မတ ထရန့်က ဧပြီ ၆ ရက်မှာ ဝေဖန်လိုက်ပါတယ်။
အမေရိကန်အနေနဲ့ ဂရင်းလန်းကို ရယူလိုကြောင်းနဲ့ နေတိုးအဖွဲ့ဟာ စက္ကူကျား တစ်ကောင်လို အစွမ်းအစ မရှိ ဖြစ်နေပြီလို့လည်း ထရန့်က ပြောပါတယ်။
မိမိအနေနဲ့ နေတိုး အဖွဲ့ကို အကူအညီတောင်းခဲ့ပေမဲ့ မကူညီနိုင်ဘူးဆိုတဲ့ အဖြေကိုပဲ ရရှိခဲ့ကြောင်းနဲ့ နေတိုး အဖွဲ့ဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင် ကြောက်ရွံ့မှု မရှိတဲ့ စက္ကူကျား တစ်ကောင်လို ဖြစ်လာပြီ လို့ ထရန့်က ဆိုပါတယ်။
ထရန့်ကို ကြီးကျယ်တဲ့ ပုဂ္ဂိုလ် တစ်ဦးလို့ ပြောထားတဲ့ နေတိုးအဖွဲ့ အကြီးအကဲ မက်ရူသီ အနေနဲ့ ဒီ သီတင်းပတ်အတွင်း ဝါရှင်တန်ိကို လာရောက်ဖို့ ရှိနေပါတယ်။
သူ့အနေနဲ့ ထရန့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့နဲ့ ဆွေးနွေးဖို့ ရှိတယ်လို့ နေတိုးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နေတိုး မဟာမိတ် ဂရိန်းလန်းကို ထိန်းချုပ်မယ်လို့ ထရန့်က လူသိရှင်ကြား ပြောဆိုထား ပေမယ့် ဂရင်းလန်း အပါအဝင် ဒိန်းမတ် တစ်နိုင်ငံလုံးက ကန့်ကွက်ထားပါတယ်။
အီရန်က ဟောမု့ဇ် ရေလက်ကြားကို ပိတ်ဆို့ထားမှုကြောင့် ပြန်လည် ဖွင့်လှစ်ရေး မကူညီတဲ့ အတွက် နေတိုး မဟာမိတ် မဟုတ်တဲ့ ဂျပန်၊ တောင်ကိုရီးယားနဲ့ သြစတြေးလျတို့ကိုလည်း ထရန့်က ဝေဖန် အပြစ်တင်ထားပါတယ်။
စစ်ပွဲအတွင်း ထောက်ခံ ကူညီမှုအတွက် ဆော်ဒီအာရေးဗီးယား၊ ကူဝိတ်၊ ကာတာ ၊ ဘာရိန်းနဲ့ ယူအေအီးတို့ အပါအဝင် ပင်လယ်ကွေ့ နိုင်ငံတွေကို ထရန့်က ချီးကျူးထားပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ စတင် တိုက်ခိုက်ပြီး နောက်ပိုင်း အီရန်က ကမ္ဘာ့ စီးပွားရေးအတွက် အရေးပါတဲ့ ဟောမု့ဇ် ရေလက်ကြားကို ပိတ်ဆို့ထားတာကြောင့် ကမ္ဘာတဝှမ်း လောင်စာ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အီရန် စစ်ပွဲအတွင်း လောင်စာတွေ ရရှိဖို့ ကိုယ့်အားကိုယ်ကိုးပြီး ရယူကြဖို့လည်း ထရန့်က ပြောဆိုထားပါတယ်။
ဒါက အမေရိကန် စစ်ဆင်နွှဲမှုမှာ နိုင်ငံအများ ပါဝင်လာစေဖို့ သူက ပြောဆိုတာ ဖြစ်ပေမယ့် ပြင်သစ် အပါအဝင် မဟာမိတ်တွေက ဒါဟာ ငါတို့ ဆင်နွှဲတဲ့ စစ်ပွဲ မဟုတ်တာကြောင့် မပါဝင်နိုင်ဘူးလို့ ပြောဆိုထားပါတယ်။
အီရန် စစ်ပွဲမှာ ပါဝင်ကူညီမှု မရှိတာဟာ နေတိုး အဖွဲ့ သရဲဘောကြောင်တာ ဖြစ်တယ်လို့ ထရန့်က ပြောဆိုထားပါတယ်။
အီရန် စစ်ပွဲမှာ နေတိုး ပါဝင် ကူညီဖို့ ငြင်းဆိုတာဟာ ရူးမိုက်တဲ့ အမှား ဖြစ်တယ်လို့လည်း ထရန့်က ပြောဆိုထားပါတယ်။
ရေနံပြဿနာ အရှိန်မြင့်လာချိန်မှာ ထရန့်က နေတိုး အဖွဲ့က မကြာခင် ထွက်ခွာမှာ ဖြစ်ပြီး အီရန် စစ်ပွဲကိုလည်း မကြာခင် အဆုံးသတ်မယ်လို့ ပြောဆိုထားပါတယ်။
Ref:AFP

