ဝါရှင်တန်၊ တီဟီရန်၊ ဧပြီ ၇

အီရန် တစ်နိုင်ငံလုံးကို တစ်ညတည်းနဲ့ အပြတ်ရှင်းပစ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ခြိမ်းခြောက်ထားပေမယ့် အီရန်က အပစ်အခတ်ရပ်စဲဖို့ ပယ်ချထားပါတယ်။

အမေရိကန်၊ အစ္စရေးတို့ ဆင်နွှဲနေတဲ့ စစ်ပွဲ ရည်ရှည် အဆုံးသတ်မှု တစ်ရပ် လိုအပ်တယ်လို့ အီရန်က ဧပြီ ၆ ရက်မှာ ပြောပါတယ်။

ထရန့်က သူသတ်မှတ်ထားတဲ့ ဧပြီ ၇ ရက် ညနောက်ဆုံး သတ်မှတ်ချိန်မတိုင်ခင် သဘောတူညီမှု မရယူဘူးဆိုရင် အီရန် တစ်နိုင်ငံလုံးကို ဖျက်ဆီးပစ်မယ်လို့ ထရန့်က ခြိမ်းခြောက်ထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အီရန်က ဟောမု့ဇ် ရေလက်ကြား ပြန်လည် ဖွင့်လှစ်ပေးရေး ဖိအားပေးမှုကို ပယ်ချပြီး စစ်ပွဲ အဆုံးသတ်မှုဟာ ရေရှည်တည်တန့်တဲ့ အဆုံးသတ်မှု ဖြစ်ရမယ်လို့ ပြောဆိုထား ပါတယ်။

ပါကစ္စတန် ကြားဝင် ညှိနှိုင်းမှုနဲ့ တင်ပြထားတဲ့ အမေရိကန်ရဲ့ အဆိုပြုချက်တွေကို အီရန်က တုံ့ပြန်ရာမှာ ဒေသတွင်း ပဋိပက္ခတွေ အားလုံး အဆုံးသတ်ရေး၊ ဟောမု့ဇ် ရေလက်ကြားကို ဘေးကင်းစွာ ဖြတ်သန်းနိုင်ရေး၊ အရေးယူပိတ်ဆို့မှုတွေ အားလုံး ရုတ်သိမ်းရေး၊ ပြန်လည် တည်ဆောက်ရေး အပါအဝင် အချက် ၁၀ ချက် တောင်းဆိုထားကြောင်း အီရန် နိုင်ငံပိုင် သတင်းဌာနက ပြောပါတယ်။

ပါကစ္စတန် ကြားဝင် ညှိနှိုင်းထားတဲ့ မူဘောင်အရ ချက်ချင်း အပစ်အခတ် ရပ်စဲဖို့ တိုက်တွန်းထားပြီး ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် ၁၅ ရက်ကနေ ရက်ပေါင်း ၂၀ အတွင်း ငြိမ်းချမ်းရေး ဖြေရှင်းမှုတွေ လုပ်ဖို့ တိုက်တွန်းထားပါတယ်။

သတင်းစာရှင်းလင်းပွဲ တစ်ရပ်မှာ ထရန့်က အီရန်ကို တစ်ညတည်းနဲ့ အပြတ်ရှင်းပစ်နိုင်တယ်လို့ ပြောကြားပြီး အဲဒီ ရှင်းပစ်မယ့်ညဟာ မနက်ဖြန် (ဧပြီ ၇ ရက်) ည ဖြစ်လာနိုင်တယ်လို့ ပြောထားပါတယ်။

ကမ္ဘာကြီးရဲ့ လောင်စာ စီးဆင်းမှုအတွက် အရေးပါတဲ့ ဟောမု့ဇ် ရေလက်ကြား ပြန်လည် ဖွင့်လှစ်ရေး ဧပြီ ၇ ရက် ညနေ ၈ နာရီ မတိုင်ခင် သဘောတူညီမှု မရယူဘူးဆိုရင် အီရန်ကို ငရဲပို့ပစ်မယ်လို့ ထရန့်က ခြိမ်းခြောက်ထားပါတယ်။

အီရန် စစ်ဖက်ဆိုင်ရာ ထိပ်တန်း တပ်မှူးကတော့ ထရန့်ရဲ့ ခြိမ်းခြောက်မှုဟာ ရိုင်းစိုင်း မောက်မာပြီး အခြေအမြစ်မရှိတဲ့ ခြိမ်းခြောက်မှု ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အီရန် သံအမတ်က ထရန့်ရဲ့ လူမှုမီဒီယာပေါ်က ခြိမ်းခြောက်မှုဟာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်လာအောင် တိုက်ရိုက်လှုံ့ဆော်တာ ဖြစ်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်ဖို့ ရည်ရွယ်တဲ့ အထောက်အထား ဖြစ်တယ်လို့ ပြောပါတယ်။

ဒီအတောအတွင်း အီရန် အားကစားဝန်ကြီးက အရပ်ဖက် အခြေခံ အဆောက်အဦတွေကို တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက ရန်လိုသူတွေအနေနဲ့ အီရန်ရဲ့ အင်အားကို မြင်တွေ့ရမှာ ဖြစ်တယ်လို့ ပြောထားပါတယ်။

စစ်ပွဲအတွင်း အမေရိကန်နဲ့ အစ္စရေး တိုက်ခိုက်မှုကြောင့် အီရန် တက္ကသိုလ် ၃၀ ထိခိုက်ခဲ့ရတယ်လို့ အီရန် နည်းပညာဝန်ကြီးက ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာတော့ ထရန့်နဲ့ ကာကွယ်ရေးဝန်ကြီးတို့က အီရန်မှာ ပျက်ကျသွားတဲ့ တိုက်လေယာဉ်ရဲ့ လေယာဉ်မှူးတွေကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့တဲ့ အပေါ် ဂုဏ်ယူ ပြောဆိုခဲ့ပါတယ်။

ဒီအတောအတွင်း အီရန် စစ်ထောက်လှမ်းရေး အကြီးအကဲ သတ်ဖြတ်ခံရမှုဟာ မိမိတို့ လက်ချက် ဖြစ်တယ်လို့ အစ္စရေးက ပြောဆိုထားပါတယ်။

အမေရိကန်က စစ်ပွဲ အရှိန်လျှော့မယ့် လက္ခဏာတွေ ပြသနေပေမယ့် အစ္စရေးက အီရန်မှာရော လက်ဘနွန်မှာပါ တိုက်ခိုက်မှုတွေ ဆက်လက် ပြုလုပ်နေပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.