ဘန်ကောက်၊ ဧပြီ ၆

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီပြည်နယ်ရှိ ရေနံသိုလှောင်ရာ နေရာ ၆ နေရာဆီ ပို့ဆောင်ချိန်အတွင်း လောင်စာ လီတာ ၅၇သန်း ပျောက်ဆုံးမှုမှာ မူမမှန်တာတွေ တွေ့ရတယ်လို့ တရားရေးဝန်ကြီး နာအိုဝါရတ်က ပြောလိက်ပါတယ်။

လောင်စာတွေ ဝယ်ယူစုဆောင်းနေတယ်လို့ သံသယရှိတဲ့ ဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးနေတယ်လို့ ထိုင်း တရားရေးဝန်ကြီးက ပြောပါတယ်။

လောင်စာတွေ စုဆောင်းသိုလှောင်ထားသူတွေကို အရေးပေါ် နှိမ်နှင်းသွားမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် အနုတင်က ကြေညာထားပါတယ်။

ပထမအဆင့် စုံစမ်းစစ်ဆေးရာမှာ ဆီဆိုင်တွေ၊ ရဲချုပ် ရူသာဖွန်၊ ရဲတပ်ဖွဲ့နဲ့ ဒေသဆိုင်ရာ အရာရှိတွေကို စုံစမ်း စစ်ဆေးသွားမှာ ဖြစ်ပြီး လောင်စာ သိုလှောင်ရာနေရာတွေက မူမမှန်မှုတွေကို ခြေရာခံမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒုတိယအဆင့်အနေနဲ့ ရေနံသန့်စင်ရာနေရာတွေကနေ လက်လီ ရောင်းချတဲ့ နေရာတွေ အထိ ထောက်ပံ့ရေး ကွင်းဆက်တွေကို စုံစမ်း စစ်ဆေးဖို့ ထိုင်းအရာရှိတွေက စီစဉ်ထားပါတယ်။

အရင်က စုံစမ်းစစ်ဆေးမှုတွေမှာ ဥပဒေချိုးဖောက်မှုတွေ တွေ့ရှိခဲ့ပြီး အန်သောင်၊ တက်ခ်နဲ့ နာခွန် ဆာဝန်ပြည်နယ်တွေမှာ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဆူရတ်ဌာနီ ပြည်နယ်မှာ ရေနံတင်ကားတွေက ရေနံ သိုလှောင်ရာနေရာတွေဆီ ၉၆ ကြိမ် သွားရောက် ပို့ဆောင်ခဲ့ပြီး စုစုပေါင်း လီတာ ၂၁၇ သန်း ပို့ဆောင်ခဲ့တယ်လို့ ဝန်ကြီး နာအိုဝါရတ်က ပြောပါတယ်။

ဒါပေမဲ့ သတ်မှတ်ထားတဲ့ နေရာတွေဆီ ရေနံ လီတာ သန်း ၁၆၀ပဲ ရောက်ရှိခဲ့ပြီး လီတာ ၅၇ သန်း ပျောက်ဆုံးနေတယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။

ထိုင်းမှာ တစ်ရက်ကို လောင်စာ ပျမ်းမျှအသုံးပြုမှု လီတာ ၆၅ သန်း ရှိတာကြောင့် တစ်ရက်စာနီးပါး လောင်စာတွေ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

ထိုင်းမှာ ဒီဇယ်နဲ့ ဓာတ်ဆီ နှစ်မျိုးပေါင်း အသုံးပြုမှုဟာ တစ်ရက်ကို လီတာ သန်း ၁၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။

အာဏာပိုင်တွေက သက်ဆိုင်ရာ စာရွက်စာတမ်း အားလုံးကို ရယူထားပြီး အထူးစုံစမ်းစစ်ဆေးရေးဌာနက စုံစမ်း စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.