ဘီးလင်း၊ ဧပြီ ၆

မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁၀၀ ကျော် ပျက်စီးခဲ့ပြီး အရပ်သား ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့ကနေ ဧပြီ ၄ ရက်နေ့အထိ ဘီးလင်းမြို့နယ်ရဲ့ လေးကေနဲ့ ဝင်းတာပန်ကျေးရွာတို့ကို လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်၊ ဗုံးအလုံး ၅၀ ကျော် ကြဲချတိုက်ခိုက်သွားတာပါ။

အဲဒီဗုံးကြဲမှုအတွင်း နေအိမ် ၂၀၀ ဝန်းကျင်ရှိတဲ့ လေးကေကျေးရွာက နေအိမ် ၁၀၀ ကျော် ပျက်စီးဆုံးရှုံးထားသလို လေးကေကျေးရွာဘုန်းကြီးကျောင်း တစ်ကျောင်းလည်း ထိမှန်ပျက်စီးထားပါတယ်။

ဗုံးကြဲမှုအတွင်း ကုန်တင်ယာဉ်မောင်း နှစ်ဦးအပါအဝင် အရပ်သားပြည်သူ ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲဒီအထဲမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့သူတွေလည်း ရှိနေတယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် အုပ်ချုပ်နယ်မြေဖြစ်တဲ့ လေးကေနဲ့ ဝင်းတာပန်ကျေးရွာတို့မှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

KNU ဗဟိုကတော့ စစ်တပ်ဟာ အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းရှိ အရပ်သားပြည်သူတွေ နေထိုင်ရာ နေရာတွေ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ဆေးရုံဆေးခန်းနဲ့ ဘာသာရေး အဆောက်အဦးတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.