မော်လမြိုင် ၊ ဧပြီ ၆
မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်ဝင်းသန်းကို ပြည်နယ်လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြု ခန့်အပ်လိုက်ပါတယ်။
ဒီကနေ့ ဧပြီ ၆ ရက်နေ့ မနက်ပိုင်းက ကျင်းပတဲ့ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပဉ္စမနေ့)မှာ အတည်ပြု ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
သမ္မတ ဖြစ်လာတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့တဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် အမည်စာရင်းကို ပြည်နယ်လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြု ခန့်အပ်ခဲ့တာပါ။
ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရတဲ့ ဗိုလ်မှူးချုပ် အောင်ဝင်းသန်းဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ပေးပို့တဲ့ တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေအတွက် တပ်မတော်သား ကိုယ်စားလှယ်တွေထဲမှာ ရာထူးအမြင့်ဆုံး ဖြစ်ပါတယ်။
ဗိုလ်မှူးချုပ် အောင်ဝင်းသန်းဟာ လက်ထောက်တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်အထိ တာဝန်ထမ်းဆောင်ဖူးပြီး စစ်ခေါင်းဆောင် ချီးမြှင့်တဲ့ တပ်မတော်ဆိုင်ရာ စွမ်းဆောင်မှုဂုဏ်ထူးဆောင်တံဆိပ်တွေလည်း ရရှိဖူးပါတယ်။
ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဗိုလ်မှူးချုပ် အောင်ဝင်းသန်းဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ယုံကြည်မှုကို ရရှိထားတဲ့သူ ဖြစ်တယ်လို့ စစ်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
ဗိုလ်မှူးချုပ် အောင်ဝင်းသန်း ဝန်ကြီးချုပ်ဖြစ်လာတဲ့အတွက် လက်ရှိဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းဟာ ပြည်နယ် ဝန်ကြီးချုပ် ရာထူးကနေ ဖယ်ရှားခံလိုက်ရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

