နေပြည်တော် ၊ ဧပြီ ၅

သမ္မတလုပ်ချင်လို့ နိုင်ငံ့အာဏာကို စစ်ခေါင်းဆောင်က သိမ်းယူခဲ့မှုကြောင့် တိုင်းပြည်ဟာ ရစရာမရှိအောင် စုတ်ပြတ်သတ်လာတဲ့ အခြေအနေမှာ နောက်ထပ် ၅ နှစ်တာ ဆက်လက်အုပ်ချုပ်ဖို့ အရပ်သားအသွင် ပြောင်းလဲလိုက်ပါတယ်။

အာဏာသိမ်းချိန်ကနေ သမ္မတမရွေးခင်ထိ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကျင်းပပေးပြီး အနိုင်ရပါတီကို နိုင်ငံတော်တာဝန်တွေ လွှဲပြောင်းပေးသွားမယ်လို့ အမြဲတစေ ဟစ်ကြွေးခဲ့ပေမယ့် လက်တွေ့မှာတော့ စစ်ယူနီဖောင်းချွတ်ကာ သမ္မတဝတ်ရုံလဲတဲ့ ဖြစ်စဉ်ထက် မပိုပါဘူး။

စစ်ခေါင်းဆောင်ရဲ့ အာဏာသိမ်းမှုကနေ အရင်းခံလာတဲ့ စစ်အုပ်ချုပ်ရေးယန္တရားကနေ အရပ်သားအစိုးရအသွင်ပြောင်းတဲ့ အုပ်ချုပ်ရေးယန္တရားအဖြစ် ဆက်လက်လည်ပတ်နိုင်အောင် အကွက်ကျကျ စီမံထားတဲ့ အရွေ့တစ်ခုသာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း တပ်ချုပ်ရာထူးကို စွန့်လွှတ်ပြီး ကြံ့ခိုင်ရေးပါတီကနေ အဆိုပြုတဲ့ ဒုသမ္မတလောင်းအဖြစ် ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှုနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နိုင်ငံတော် သမ္မတရာထူးကို အရယူနိုင်ခဲ့တာပါ။

လေ့လာသူတွေကတော့ သမ္မတလုပ်သူရဲ့ အုပ်ချုပ်မှုအရည်အချင်းကလည်း ကိုယ်ကျိုးစီးပွားကိုသာ ရှေးရှုမယ့်အနေအထားဖြစ်တဲ့အတွက် အရပ်သားအယောင်ဆောင်တဲ့ အာဏာရှင် ခါးပိုက်ဆောင်အစိုးရသာ ဖြစ်လာမယ်လို့ သုံးသပ်ကြပါတယ်။

လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတဲ့ အခြေအနေအောက်မှာ လူမှုစီးပွားအကျပ်အတည်းတွေကြား ပြည်သူတွေရဲ့ ဆက်လက်ရှင်သန်ရဦးမယ့် ဒုက္ခကလည်း လာမယ့် ၅ နှစ်တာမှာ ကြီးမားလာနိုင်တယ်လို့ ခန့်မှန်းနေကြတာပါ။

မွန်ဒေသခံတစ်ဦးက စစ်ခေါင်းဆောင်ကိုယ်တိုင် အကွက်ကျကျ သမ္မတဖြစ်အောင် မရရတဲ့နည်းနဲ့ သမ္မတ အာဏာကို ရယူတာဖြစ်လို့ ပြည်သူတွေအတွက် သိပ်ပြီး မျှော်လင့်စရာ မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီလို သမ္မတ ဖြစ်ချင်လို့ပဲ ဒီအာဏာသိမ်းတယ်ဆိုတဲ့သဘောက ပိုပြီးတော့ ရုပ်လုံး ပိုထင်တာပေါ့နော်။ ခါတိုင်း အရင်တုန်းက မဲလိမ်မဲခိုးလို့ မလွှဲသာ မရှောင်သာလို့ အာဏာထိန်းလိုက်ရပါတယ်တို့ အာဏာသိမ်းလိုက်ရပါတယ် ပြောပေမယ့်လည်း တကယ့် လက်တွေ့မှာတော့ သူကိုယ်တိုင်ကပဲ အကွက်ကျကျနဲ့ သမ္မတဖြစ်အောင် မရ ရတဲ့နည်းနဲ့ ဗိုလ်ချုပ်မှူးကြီးဆိုတဲ့ ခေါင်းစဉ်ကို မဖြုတ်ဘဲနဲ့ သမ္မတ အာဏာကို ရယူတာဆိုတော့ အဓိက ပြည်သူအတွက်တော့ ဘာမှ သိပ်ပြီး ထွေထွေထူးထူး မျှော်လင့်စရာတော့ မရှိပါဘူး။” လို့ ဆိုပါတယ်။

လက်ရှိ ပေါ်လာတဲ့ လွှတ်တော်အရပ်ရပ်ရဲ့ ဥက္ကဌ ၊ ဒုဥက္ကဌတွေ အပါအဝင် ဖွဲ့စည်းထားတဲ့ ကော်မတီတွေရဲ့ ဥက္ကဌနဲ့ အတွင်းရေးမှူးတွေကလည်း စစ်ဗိုလ်ချုပ်တွေနဲ့ စစ်တပ်ဩဇာခံ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်တွေ လွှမ်းမိုးထားတာ ဖြစ်ပါတယ်။

ဒါဟာ လွှတ်တော်သုံးရပ်လုံးအတွက် အာဏာချိန်ခွင်လျှာတွေ ဥပဒေပြုရေးတွေကို ထိန်းညှိပေးမယ့် အခြေအနေတွေ ယိုင်နဲ့သွားပြီး တစ်ပါတီအာဏာရှင်စနစ်ရဲ့ ကိုယ်စားပြုမှုအောက်မှာ တိုင်းပြည်ဟာ ချွတ်ခြုံကျဦးမယ့် အခြေအနေပါ။

တစ်ဘက်မှာ အတုအယောင်ရွေးကောက်ပွဲကနေ တက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရအဖွဲ့တွေဟာ ပြည်သူ့ကိုယ်စားပြုမှု မဟုတ်တော့ဘဲ အာဏာကို လက်ဝေခံ သုံးစွဲပြီး အရပ်သားအာဏာရှင်လိုမျိုး ဖြစ်ပေါ်လာမယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။

ဒီအတွက်ကြောင့် လွှတ်တော်ရဲ့ အဓိက အလုပ်ဖြစ်တဲ့ အစိုးရကို စောင့်ကြည့်ထိန်းကျောင်းမယ့်အရေးဟာ ၂၀၂၁ အာဏာသိမ်းမှုကို ခေါင်းဆောင်ခဲ့သူ ဦးဆောင်တဲ့ အစိုးရဖြစ်လာမှာမို့ ဒဏ်ရာပရပွနဲ့ တိုင်းပြည်က ပြည်သူတွေရဲ့ အနာဂတ်အတွက် ရင်လေးစရာပါ။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်က အာဏာဟာ တစ်ဘက်တည်းကို စုပုံပြီး ရှိနေတဲ့သ‌ဘောမို့ လူထုအသံတွေ ကိုယ်စားပြုမှုတွေထက် စစ်တပ်အကျိုးစီးပွားကိုပဲ ဦးတည်တဲ့ အခြေအနေလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သဘောက အာဏာက တစ်ဘက်တည်း စုပုံပြီးတော့ ရှိနေတဲ့ သဘောဖြစ်တယ်။ ဥပဒေပြုရေးတို့ စိစစ်ရေးတို့ ကိုယ်စားပြုရေးတို့ဆိုတဲ့ဟာတွေ အားလုံးက စစ်တပ်အကျိုးစီးပွားကိုပဲ ဦးတည်ဝန်းရံတဲ့အခြေအနေတစ်ခုလုံးဖြစ်သွားပြီးတော့ လူထုအသံတွေ ကိုယ်စားပြုမှုတွေ နောက်တစ်ခုက ရွေးကောက်ခံတိုင်းရင်းသားအမတ်တွေလည်း ဘာတစ်ခုမှ အသံထွက်နိုင်မှာ မဟုတ်ဘဲ သူတို့ ပေးတဲ့ လစာ အခွင့်အရေး အာဏာ မစို့တပို့တွေ ယူပြီး လွှတ်တော်တက် လွှတ်တော်ဆင်း အနေအထားလောက်မှာပဲ ရှိမယ့် သဘောတော့ ဖြစ်သွားတယ်။ဖွံ့ဖြိုးရေး တိုးတက်ရေးဆိုတာလည်း ဘာမှ မျှော်မှန်းလို့ ရလာမှာ မဟုတ်တဲ့ ၅ နှစ်တာ အခြေအနေကို ဆိုက်သွားမှာဖြစ်တယ်”လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ရဲ့ သမ္မတအိမ်မက်ကို အ‌ကောင်အထည်ဖော်တဲ့‌နေရာမှာ ကနဦးအနေနဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမဲသမာမှုအကြောင်းပြပြီး နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးချုပ်နှောင်ကာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

ဒီအပေါ် ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေက အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြရာမှာ စစ်တပ်က လက်နက်အားကိုးပြီး အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုတွေဟာ အရပ်သားတွေကို သွေးမြေကျစေခဲ့သလို အချုပ်အနှောင်လည်း ခံခဲ့ရတာပါ။

ဒါကြောင့် လက်နက်ကိုင်လမ်းစဉ်ကို လျှောက်လှမ်းခဲ့ချိန်မှာတော့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ပြည်သူတွေရဲ့ ဘဝများစွာဟာ သေကွဲ ရှင်ကွဲတွေနဲ့ ပျက်စီးကျိုကြေခဲ့ရပြီး သေနတ်သံ ဗုံးဆံတွေကြား အိုးပစ်အိမ်ပစ် နေရပ်စွန့်ခွာခဲ့ကြရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၃ ဒသမ ၅ သန်းခန့်အထိ စံချိန်တင်မြင့်တက်လာတာပါ။

နိုင်ငံ့လူဦးရေရဲ့ လေးပုံတစ်ပုံဖြစ်တဲ့ လူပေါင်း ၁၅ သန်းကျော်ဟာ စာနပ်ရိက္ခာ မလုံလောက်တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အပြင် ပညာရေးနဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေလည်း ဆိုးဝါးစွာ ပြတ်တောက်နေတာ ဖြစ်ပါတယ်။

အကျဉ်းထောင်တွေမှာလည်း စစ်တပ်ရဲ့ ဖိနှိပ်မှုတွေနဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေ ရှိနေဆဲဖြစ်သလို စီမံခန့်ခွဲမှုအလွဲတွေနဲ့ ကဏ္ဍပေါင်းစုံ ချွတ်ခြုံကျခဲ့ရတဲ့အပြင် အသက်သွင်းထားတဲ့ စစ်မှုထမ်းဥပဒေကလည်း လူငယ်တွေ ထောင်နဲ့ချီ ရှေ့တန်းစစ်မြေပြင်ထဲ အတင်းတွန်းပို့ခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ ၂၀၂၁ စစ်အာဏာသိမ်းချိန်ကစလို့ အခုနှစ် ဧပြီ ၃ ရက်နေ့အထိ သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူပေါင်း ၈၀၀၀ နီးပါးရှိပါပြီ။ ဒါ့အပြင် ဖမ်းဆီးချုပ်နှောင်ခံနေရသူကလည်း ၁၄၃၀၀ ကျော်ရှိပါတယ်။

စစ်တပ်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့နဲ့ စစ်ခေါင်းဆောင်ရဲ့ သမ္မတဖြစ်ချင်မှုကြောင့် ဒီလိုမျိုး ပျက်စီးဆုံးရှုံးမှုတွေ များစွာ ရှိခဲ့တဲ့အတွက် ပြည်သူတွေဖို့ ကြံ့ကြံ့ခံနိုင်စွမ်းတွေ အစွမ်းကုန်မြှင့်ပြီး ရင်ဆိုင်ရဦးမယ်လို့ နိုင်အဲမွန်က မှတ်ချက်ပြုပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.