မော်လမြိုင် ၊ ဧပြီ ၅

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ သင်္ကြန်ပွဲတော် ကျင်းပဖို့အတွက် စစ်ကော်မရှင်က ကမ်းနားလမ်းတစ်လျှောက် လမ်းပိတ်ပြီး သင်္ကြန်မဏ္ဍပ် စတင်ဆောက်လုပ်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ ဧပြီ ၄ ရက်နေ့ မနက်ပိုင်းကစလို့ ကမ်းနားလမ်းပိုင်းအပါအဝင် ကျိုက်သလ္လံ ဘုရားလမ်းကနေ မောရဝတီပန်းခြံလမ်းအထိ လမ်းပိုင်းတချို့ကို ယာပီပိတ်သိမ်းပြီး မဏ္ဍပ်တွေ ဆောက်လုပ်နေတာပါ။

သင်္ကြန်ပွဲတော်ကာလအတွင်း စက်သုံးဆီ ချွေတာဖို့ လမ်းလျှောက်သင်္ကြန်ကို အဓိက ဦးစားပေး လုပ်ဆောင်နေပြီး ဖျော်ဖြေရေးအနေနဲ့ ဗဟိုမဏ္ဍပ် အပါအဝင် ဌာနဆိုင်ရာ မဏ္ဍပ်တချို့လည်း ပါဝင်မှာ ဖြစ်တယ်လို့ စစ်ကော်မရှင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒါ့အပြင် သင်္ကြန်ပွဲတော် စည်ကားဖို့အတွက် ရေကစား မဏ္ဍပ်တွေလည်း ဆောက်လုပ်နေပြီး လမ်းလျှောက်သင်္ကြန် အပြင် သနပ်ခါး သင်္ကြန်၊ လက်ဖက်သင်္ကြန်၊ ထမနဲသင်္ကြန်တွေကိုပါ ပွဲတော်ကာလအတွင်း ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။

မော်လမြိုင်မြို့ခံ တစ်ဦးကတော့ စစ်ကော်မရှင်ဟာ သင်္ကြန်ပွဲတော် စည်ကားစေဖို့ ဌာနဆိုင်ရာအပါအဝင် သူတို့နဲ့ နီးစပ်သူတွေကို မဖြစ်မနေလာဖို့ အခုကတည်းက ညွှန်ကြားတာ ရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မဏ္ဍပ်က သူတို့က လမ်းလျှောက် သင်္ကြန် လုပ်မယ်လေ။ မဏ္ဍပ် အကြီးကြီးတွေ ဆောက်နေတယ်။သီချင်းဆိုမယ့် စတိတ်စင် အကြီးကြီးတွေ ဆောက်နေတယ်။ရေပတ် မဏ္ဍပ် အကြီးကြီးတွေ ဆောက်နေတယ်။ဌာနဆိုင်ရာက မထွက်မနေရ အမိန့်ပေါ့။အော်ဒါ အရဆိုရင် ဌာနဆိုင်ရာတွေ လာရမယ်။ ပြီးတော့ သူတို့နဲ့ ပနံစားတဲ့ ဥပမာ ပြည်ခိုင်ဖြိုး ပါတီဝင်တွေ နောက်ဒီအခု ပျူစောထီးတွေရဲ့ မိသားစုတွေ အဲတာတွေက မသွားမနေရလေ”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်က သင်္ကြန်ပွဲတော်ကို စည်းစည်းကားကား ဖြစ်အောင် လုပ်မယ်လို့ ပြောပေမယ့် လက်ရှိ စက်သုံးဆီ အခြေအနေအရ အရင်လောက် စည်းကားဖို့ မဖြစ်နိုင်သလို လမ်းလျှောက် သင်္ကြန်ဟာ လက်ရှိ အပူချိန်အရ လာရောက်သူ နည်းနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

မွန်ပြည်နယ်စစ်ကော်မရှင်ကတော့ သင်္ကြန်ပွဲတော်မှာ ယိမ်းပြိုင်ပွဲတွေအပြင် နာမည်ကြီး အဆိုရှင်တွေနဲ့လည်း ဖျော်ဖြေ ပေးမှာဖြစ်ကာ စတုဒီသာတွေလည်း ကျွေးမွေးသွားမယ်လို့ အသိပေးကြေညာထားပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်း မော်လမြိုင်မြို့မှာ စစ်ကော်မရှင်က သင်္ကြန်ပွဲတော် စည်ကားအောင် ကျင်းပဖို့ ပြင်ဆင်ခဲ့ပေမယ့် မန္တလေးငလျင်ကြောင့် လမ်းလျှောက်သင်္ကြန်ပွဲတော်သာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ရာမညအသံ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.