မြဝတီ၊ ဧပြီ ၅

ပြန်လည်ဖွင့်လှစ်လိုက်တဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းတစ်လျှောက်မှာ နေရာယူတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က ဖြတ်သန်းသွားလာတဲ့ ခရီးသွားကားတွေကို အတင်းအဓမ္မ ငွေကြေးတောင်းယူနေတယ်လို့ ဒေသခံတွေနဲ့ ကားသမားတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဧပြီ ၂ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်မှာ အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းကို စစ်ကော်မရှင်က ပြန်လည်ဖွင့်လှစ်ခဲ့ရာ ပြန်လည်ဖွင့်လှစ်ပေးခဲ့တဲ့နေ့မှာပဲ ခရီးသွားပြည်သူကားရာနဲ့ချီဟာ အာရှလမ်းမှာ ဖြတ်သန်းမောင်းနှင်သွားလာ အသုံးပြုနေကြတာပါ။

အာရှလမ်းတစ်လျှောက်နဲ့ သင်္ဃန်းညီနောင် မြဝတီမြို့အဝင်နေရာတွေ၊ ကော့ကရိတ်မြို့အဝင်နေရာတွေမှာ စစ်ကော်မရှင်တပ်နဲ့ ကရင်နယ်ခြားစောင့်တပ် BGF ဂိတ်စခန်းတွေ အများအပြား လုံခြုံရေးနေရာယူထားပြီး လုံခြုံရေးယူထားတဲ့ ဂိတ်တွေကနေ ခရီးသွားလာတဲ့ ပြည်သူကားတွေကို ငွေကြေးတောင်းယူနေတာလို့ ဒေသခံတွေက ဆိုပါတယ်။

လုံခြုံရေးယူနေတဲ့ စစ်ကော်မရှင်တပ်သားနဲ့ BGF တပ်သားတွေက ခရီးသည်တင်ဆောင်လာတဲ့ ကားတွေကို ခရီးသည်တစ်ဦး ကျပ် ၁၀၀၀၀ အတင်းအဓမ္မတောင်းယူနေပြီး မပေးပါက ခြိမ်းခြောက်ပြောဆိုမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံ ခရီးသွားတွေဆီကနေ သိရပါတယ်။

ဒါ့အပြင် အာရှလမ်းပေါ်မှာ ဖြတ်သန်းသွားလာမောင်းနှင်အသုံးပြုမယ့် ခရီးသွားပြည်သူကားတွေအနေနဲ့ လုံခြုံရေးယူထားတဲ့ စစ်ကော်မရှင်တပ် ဂိတ် ၃ ခုမှာ မှတ်ပုံတင်နဲ့ အမည်စာရင်းပေးတာတွေ ပြုလုပ်နေရပြီး စစ်ကော်မရှင်တပ်သားတွေက စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ သွားလာသူတွေက ဆိုကြပါတယ်။

စစ်ကော်မရှင်ကတော့ ပြန်လည်ဖွင့်လှစ်ပေးလိုက်တဲ့ အာရှလမ်းမှာ ငွေကြေးကောက်ယူတောင်းခံတာတွေ မရှိဘူးလို့ ပြောကြားထားပြီး တကယ့်လက်တွေမှာတော့ မြေပြင်မှာရှိတဲ့ စစ်ကော်မရှင်လုံခြုံရေးတပ်ဖွဲ့တွေဟာ ခရီးသွားပြည်သူဆီကနေ ငွေကြေးတောင်းယူနေကြတာပါ။

အာရှလမ်းကို ပြန်လည်ဖွင့်လှစ်ခဲ့ရာမှာ ယာဉ်ငယ်တွေကိုသာ စစ်ကော်မရှင်က ဖြတ်သန်းသွားလာစေပြီး ကုန်စည်ပို့ဆောင်တင်ဆောင်မယ့် ကုန်တင်ယာဉ်ကြီးတွေကို လတ်တလောမှာ ဖြတ်သန်းသွားလာခွင့်မပေးသေးတာကြောင့် ကုန်စည်တင်ဆောင်တဲ့ယာဉ်တွေဟာ မြဝတီ-ကော့ကရိတ် တောင်ပေါ်တောလမ်းတွေကနေ သယ်ယူလာနေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.