လန်ဒန်၊ ဧပြီ ၃
ဟောမု့ဇ် ရေလက်ကြား ပြဿနာနဲ့ ပတ်သက်လို့ နိုင်ငံပေါင်း ၄၀ လောက်နဲ့ ဗြိတိန် ဦးဆောင်တဲ့ ဆွေးနွေးပွဲအတွင်း အရေးကြီးတဲ့ သင်္ဘောလမ်းကြောင်းကို ချက်ချင်း ခြွင်းချက် မရှိ ပြန်လည် ဖွင့်လှစ်ပေးရေး တောင်းဆိုခဲ့ပေမယ့် ချက်ချင်း ပြေလည်မှုတော့ မရှိခဲ့ပါဘူး။
အီရန်က ဟောမု့ဇ် ရေလက်ကြားမှာ ကမ္ဘာ့စီးပွားရေးကို ဓားစာခံအဖြစ် ထားရှိဖို့ ကြိုးပမ်းနေတယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဗက်တီ ကူးပါးက ပြောပါတယ်။
အီရန်အနေနဲ့ အဲဒီ ရေလက်ကြားကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လည် ဖွင့်လှစ်ပေးဖို့နဲ့ ပင်လယ်ပြင် ဥပဒေ၊ လွတ်လပ်စွာ ခုတ်မောင်းသွားလာရေး အခြေခံ မူဝါဒတွေကို လေးစားသမှု ရှိဖို့ မိမိတို့နဲ့ လက်တွဲဖော်နိုင်ငံတွေက တိုက်တွန်းကြောင်း ဝန်ကြီး မစ္စစ် ကူးပါးက ပြောဆိုထားတာပါ။
ဖေဖော်ဝါရီ ၂၈ ရက်က အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့က စတင် တိုက်ခိုက်ပြီး နောက်ပိုင်း ဟောမု့ဇ် ရေလက်ကြားကို အီရန်က ပိတ်ထားပါတယ်။
အရေးပါတဲ့ ရေလမ်းကြောင်း ပိတ်ထားတာကြောင့် ရေနံ၊ သဘာဝဓာတ်ငွေ့ အရည်နဲ့ ဓာတ်မြေသြဇာ အပါအဝင် အရေးကြီးတဲ့ ထုတ်ကုန်တွေ ထောက်ပံ့မှု တကမ္ဘာလုံးမှာ ထိခိုက်နေပါတယ်။
ဒီအခြေအနေကြောင့် ကမ္ဘာ့လောင်စာ ဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာပါတယ်။
ဆွေးနွေးမှုအတွင်း ပါဝင်တဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကိုယ်စားလှယ်တွေက ဖြစ်နိုင်ခြေရှိတဲ့ ပူးပေါင်း အရေးယူ ဆောင်ရွက်ရေး နယ်ပယ်တွေ အတော်များများကို ဆွေးနွေးခဲ့ကြတယ်လို့ ဝန်ကြီး မစ္စစ် ကူးပါးက ပြောပါတယ်။
ကုလသမဂ္ဂကနေတဆင့် သံတမန်ရေးအရ ဖိအားပေးရေး အပါအဝင် အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြတယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။
ဒီအတောအတွင်း ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (GCC) က အဓိက ရေလမ်းကြောင်း ကာကွယ်ရေး စစ်အင်အား အသုံးပြုခွင့် ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို ဧပြီ ၂ ရက်က တောင်းဆိုထားပါတယ်။
ဟောမု့ဇ် ရေလက်ကြားကို လွတ်လပ်စွာ ဖြတ်သန်း ခုတ်မောင်းသွားလာခွင့် ရရှိရေး နိုင်ငံအများက လိုအပ်တာမှန်သမျှ လုပ်ဆောင်ခွင့် ရရှိရေး အဆိုတစ်ရပ်ကို ဘာရိန်းက တင်ပြထားပါတယ်။
ဒါပေမဲ့ ရုရှား၊ တရုတ်နဲ့ ပြင်သစ်တို့လို ဗီတို အာဏာ စွဲကိုင်ထားတဲ့ နိုင်ငံတွေက အပြင်းအထန် ကန့်ကွက်မှုနဲ့အတူ အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ လုံခြုံရေးကောင်စီမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။
အွန်လိုင်းက ဆွေးနွေးမှုမှာ ပါဝင်ခဲ့တဲ့ အီတလီ နိုင်ငံခြားရေးဝန်ကြီးက အာဖရိကမှာ စားနပ်ရိက္ခာ အကြပ်အတည်း မဖြစ်ပေါ်စေရေး ဓာတ်မြေသြဇာနဲ့ တခြား အရေးကြီးတဲ့ ကုန်စည်တွေကို ဟောမု့ဇ် ရေလက်ကြားက ဖြတ်သန်းခွင့်ပြုရေး လူသားချင်းစာနာထောက်ထားရေး လမ်းကြောင်း တစ်ခု ဖွင့်လှစ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
အဲဒီ ရေလက်ကြားကို အီရန်က မဆင်မခြင် ပိတ်ထားတာကြောင့် ကမ္ဘာ့စီးပွားရေး ဖူလုံမှုကို ထိခိုက်စေတယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ကမ္ဘာကြီးရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ငါးပုံတစ်ပုံဟာ ဟောမု့ဇ် ရေလက်ကြားကို ဖြတ်သန်းပြီး သယ်ယူနေရတာ ဖြစ်ပါတယ်။
အဲဒီ ရေလမ်းကြောင်းကို ဘေးကင်းစွာ ဖြတ်သန်းနိုင်ရေး သင့်တော်တဲ့ ကြိုးပမ်းမှုတွေမှာ ပါဝင်ဖို့ အသင့်ရှိကြောင်း ကြေညာချက်ကို နိုင်ငံပေါင်း ၃၇ နိုင်ငံက လက်မှတ်ရေးထိုးထား ပါတယ်။
ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်နဲ့ နယ်သာလန်တို့လည်း လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။
အမေရိကန်၊ တရုတ်နဲ့ အရှေ့အလယ်ပိုင်း နိုင်ငံအများစုကတော့ လက်မှတ်မထိုးထားဘူးလို့ ဗြိတိန် အစိုးရက နောက်ဆုံး ထုတ်ပြန်ထားတဲ့ စာရင်းအရ သိရပါတယ်။
Ref:AFP

