ဘန်ကောက်၊ ဧပြီ ၃
ဘန်ကောက်မြို့မှာ အသက် ၇ နှစ်အရွယ် သမီးအရင်းကို လည်ပင်းညှစ်သတ်ပြီး ထွက်ပြေးသွားတဲ့ အသက် ၃၄ နှစ်အရွယ် မြန်မာ အမျိုးသမီးကို ထိုင်းရဲတပ်ဖွဲ့က ခို့လန်းမှာ ဖမ်းဆီးရမိထာ ပါတယ်။
မဖြိုးပပထွန်းလို့ အမည်ရတဲ့ အဲဒီ သံသယရှိသူကို တမင်ရည်ရွယ်ပြီး လူသတ်မှုစွဲချက်နဲ့ မင်ဘူရီ တရားရုံးက ဖမ်းဝရမ်း ထုတ်ထားပြီး ဖြစ်ပါတယ်။
အဲဒီ ဖြစ်ရပ်ဟာ ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်က မင်ဘူရီဒေသက နေအိမ် တစ်လုံးမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
မဖြိုးပပထွန်းကို ဧပြီ ၂ ရက် နေ့လယ်ပိုင်းမှာ ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
မြို့တော် ရဲတပ်ခွဲ အမှတ် ၃ နဲ့ ပတ္တယား ကမ္ဘာလှည့် ခရီးသွား ရဲတပ်ဖွဲ့တို့က ချွန်ဘူရီ ပြည်နယ် ပတ္တယားအလွန် ခို့လန်းဒေသရှိ ဟိုတယ် အခန်း တစ်ခုမှာ ခြေရာခံမိပြီးနောက်ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးရေး အရာရှိတွေရဲ့ အဆိုအရ အဲဒီ အမျိုးသမီးက သူ့ရဲ့ သမီးဖြစ်သူကို လည်ပင်း ညှစ်သတ်ခဲ့ကြောင်း ဝန်ခံထားတယ်လို့ သိရပါတယ်။
ဧပြီ ၁ ရက် မွန်းလွဲ ၂ နာရီလောက်က မဖြိုးပပထွန်းဟာ ပုဂ္ဂိုလ်ရေး ပြဿနာတွေကြောင့် ပြင်းပြင်းထန်ထန် စိတ်ဖိစီးနေပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့ ဆုံးဖြတ်ခဲ့ကြောင်း၊ သူနဲ့ အတူ သမီး ဖြစ်သူကိုလည်း တပါတည်း တမလွန်ကို ခေါ်သွားဖို့ ဆုံးဖြတ်ထားခဲ့တယ်လို့ ရဲတပ်ဖွဲ့ ရှေ့မှောက် ထွက်ဆိုခဲ့ပါတယ်။
သူ့သမီးကို အရင်ဆုံး သတ်လိုက်ပြီးနောက် သူ့ကိုယ်သူ သတ်ဖြတ်ဖို့ မဝံ့ရဲ ဖြစ်လာပြီး ခို့လန်းသို့ ထွက်ပြေးလာခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုတွေအရ သိရပါတယ်။
မြို့တော် ရဲတပ်ဖွဲ့ အမှတ်၃က စုံစမ်း စစ်ဆေးရေးမှူး တစ်ဦး ဖြစ်တဲ့ လက်ထောက် ရဲမှူး ဆူရီယာ ခွန်ဂျာကိုလ်က သံသယရှိသူဟာ စွဲချက်တွေကို ဝန်ခံထားပြီး ဘဝ အခက်အခဲတွေကြောင့် စိတ်ကျဝေဒနာ ခံစားနေရတာ ကြာပြီ ဖြစ်တယ်လို့ ပြောဆိုပါတယ်။
သူဟာ မကြာသေးခင်ကမှာ ဘရူနိုင်းမှာ အလုပ်လုပ်ပြီး ပြန်ရောက်လာတာ ဖြစ်ကြောင်းနဲ့ လူသတ်မှု မဖြစ်ခင် ရက်အနည်းငယ်ကမှ သမီး ဖြစ်သူနဲ့ ပြန်တွေ့ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
Ref: khaosod

