ဝါရှင်တန်၊ ဧပြီ ၃
အီရန်မှာ ကျန်ရှိတဲ့အရာတွေကို အမေရိကန်က မဖျက်ဆီးရသေးဘဲ အခြေခံ အဆောက်အဦတွေကို ပြင်းပြင်းထန်ထန် တိုးမြှင့် တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း သမ္မတ ဒေါ်နယ် ထရန့်က ကြွေးကြော်လိုက်ပါတယ်။
စွမ်းအင်တင် သင်္ဘောတွေ ဟောမု့ဇ် ရေလက်ကြားကို ဖြတ်သန်းနိုင်ရေး ဒါဇင်နဲ့ချီတဲ့ နိုင်ငံတွေက ကြိုးပမ်းနေချိန်မှာ ထရန့်ရဲ့ အခုလို ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်း တိုက်ခိုက်မှု စတင်ပြီး သီတင်း ငါးပတ် အကြာမှာ အီရန် စစ်ပွဲဟာ ဒေသတဝှမ်း အလျင်အမြန် ပျံ့နှံ့လာနေပြီး စစ်ပွဲ အဆုံးသတ်ရေး အဖြေရှာဖို့ ထရန့် အပေါ် ဖိအားတွေ ပိုများလာနေပါတယ်။
အီရန် ခေါင်းဆောင်တွေနဲ့ ကြားခံနိုင်ငံတွေက တဆင့် ဆွေးနွေးနေတယ်လို့ ထရန့်က ပြောကြားပေမယ့် တိုးတက်မှု လက္ခဏာ မတွေ့ရဘဲ ပြည်တွင်းမှာလည်း အီရန် စစ်ပွဲနဲ့ ပတ်သက်လို့ ဝေဖန် ပြစ်တင်မှုတွေ ပိုများလာနေပါတယ်။
အမေရိကန် စစ်တပ်အနေနဲ့ အီရန်မှာ ကျန်နေသေးတဲ့ အရာတွေကို မဖျက်ဆီး ရသေးဘူးလို့ ထရန့်က သူ့ရဲ့ လူမှုမီဒီယာမှာ ဧပြီ ၂ ရက်က ရေးသားထားပါတယ်။
တီဟီရန်နဲ့ ကာရာ့ချ်မြို့ကြား အသစ် တည်ဆောက်ထားတဲ့ တံတားကို အမေရိကန် လေတပ်က ပစ်ခတ် ဖျက်ဆီးပစ်ခဲ့ပြီးနောက် နောက်ထပ် အခြေခံ အဆောက်အဦတွေကို တိုက်ခိုက်ဖျက်ဆီး ပစ်မယ်လို့ ထရန့်က ခြိမ်းခြောက်တာ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် လူ ၈ ဦး သေဆုံးပြီး ၉၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ အီရန် နိုင်ငံပိုင် မီဒီယာက ဖော်ပြထားပါတယ်။
မပြီးသေးတဲ့ တံတားတွေ အပါအဝင် အီရန်ရဲ့ အရပ်ဖက် အခြေခံ အဆောက်အဦတွေကို တိုက်ခိုက် ဖျက်ဆီးလိုက်ရုံနဲ့ အီရန်အနေနဲ့ လက်နက်ချဖို့ ဖြစ်လာနိုင်စရာ အကြောင်း မရှိဘူးလို့ အီရန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အီရန်နဲ့ သူ့ရဲ့ မဟာမိတ်တွေက ပင်လယ်ကွေ့တဝှမ်း တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပြီး အမေရိကန်နဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်ဆိုပေမယ့် နောက်နောင် မတိုက်ခိုက်တော့ပါဘူးဆိုတဲ့ အာမခံချက် ပေးမှ ဆွေးနွေးမယ်လို့ အီရန်က ပြောထားပါတယ်။
Ref:Reuters

