ဝါရှင်တန်၊ ဧပြီ ၂

ရုပ်သံက ထုတ်လွှင့်ခဲ့တဲ့ အိမ်ဖြူတော် မိန့်ခွန်းအတွင်း သမ္မတ ဒေါ်နယ် ထရန့်က အီရန်မှာ အမေရိကန်ရဲ့ စစ်ရေးဦးတည်ချက်တွေ ပြီးမြောက်ခါနီးနေပြီ ဖြစ်ကြောင်း ပြောလိုက်ပါတယ်။

မိနစ် ၂၀ သာသာ ပြောကြားသွားတဲ့ မိန့်ခွန်းအတွင်း ဟောမု့ဇ် ရေလက်ကြား လုံခြုံရေး သတ္တိ တည်ဆောက်ပြီး လုပ်ဆောင်ကြဖို့လည်း ထရန့်က တိုက်တွန်းထားပါတယ်။

အဲဒီ မိန့်ခွန်း ပြောကြားပြီးနောက် ကမ္ဘာလုံးဆိုင်ရာ ရေနံဈေးနှုန်း တစ်စည်ကို ၁၀၅ ဒေါ်လာအထိ မြင့်တက်သွားခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း စစ်ပွဲအတွင်း အကူအညီ မရတဲ့ နေတိုးအဖွဲ့က အမေရိကန် နုတ်ထွက်ဖို့ စဉ်းစားနေတယ်လို့ ထရန့်က စောစောပိုင်းက ပြောဆိုခဲ့ပါတယ်။

ဒီအတောအတွင်း အီရန် နိုင်ငံခြားရေးဝန်ကြီး ဌာနက အပစ်အခတ်ရပ်စဲဖို့ အီရန် တောင်းဆိုနေတယ်ဆိုတဲ့ ထရန့်ရဲ့ ပြောဆိုချက် မှားယွင်းပြီး အခြေအမြစ် မရှိဘူးလို့ နိုင်ငံပိုင် မီဒီယာက ဖော်ပြထားပါတယ်။

အီရန် အစိုးရသစ်ရဲ့ သမ္မတက အခုလို တောင်းဆိုထားတယ်လို့ ထရန့်က ပြောကြားခဲ့ပေမယ့် ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာတော့ ထုတ်မပြောပါဘူး။

ထရန့်က အီရန်ကို သူတို့နဲ့ ထိုက်တန်တဲ့ ကျောက်ခေတ် ရောက်သွားအောင် လုပ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

ထရန့်ရဲ့ အခုလို ပြောဆိုမှုတွေကို အမေရိကန် ဒီမိုကရက် အမတ်တွေက ပြစ်တင် ရှုတ်ချခဲ့ကြပါတယ်။

အခု အမေရိကန် ဆင်နွှဲနေတဲ့ စစ်ပွဲဟာ အီရန်နဲ့ သူတို့ရဲ့ ကိုယ်စား တပ်ဖွဲ့တွေရဲ့ ၄၇ နှစ်ကြာ အကြမ်းဖက်မှုတွေအတွက် တုံ့ပြန်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အီရန် အစိုးရဟာ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာ အခုဆို ၄၇ နှစ် ပြည့်ပြီလို့ ထရန့်က လူမှုမီဒီယာပေါ်မှာ ရေးပါတယ်။

အမေရိကန်အနေနဲ့ အီရန်ကနေ သီတင်းနှစ်ပတ် သုံးပတ်အတွင်း ထွက်ခွာမယ်လို့ ဧပြီ ၁ ရက်မှာ ထရန့်က ပြောပါတယ်။

အီရန်ကို စတင်တိုက်ခိုက်ပြီးနောက် ထရန့်က စစ်ပွဲဟာ သီတင်း လေးပတ်ကနေ ခြောက်ပတ်လောက် ကြာနိုင်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လာမယ့် သီတင်းပတ်တွေမှာ အီရန်ကို ကျောက်ခေတ် ရောက်သွားအောင် တိုက်ခိုက် ဖျက်စီး ပစ်မယ်လို့ ထရန့်က ပြောပါတယ်။

ထရန့်က အခုလိုမျိုး မိန့်ခွန်း ပြောကြားပြီးနောက် အာရှရဲ့ အဓိက ရှယ်ယာ ဈေးကွက် ဈေးနှုန်းတွေ လျော့ကျသွားခဲ့ပါတယ်။

အီရန်မှာ ဒေါ်နယ်ထရန့်ရဲ့ လုပ်ရပ်တွေကို အမေရိကန် ရာဇဝင်မှာ အကြီးမားဆုံး မူဝါဒ အလွဲအမှား တစ်ခုလို့ မှတ်ယူရမှာ ဖြစ်ကြောင်း အထက်လွှတ်တော် လူနည်းစု ခေါင်းဆောင် ချက်ခ် ရှူမာက ပြောပါတယ်။

ထရန့်က အီရန် စစ်ပွဲကို သီတင်း နှစ်ပတ်ကနေ သုံးတ် အတွင်း အဆုံးသတ်ပစ်နိုင်တယ်လို့ ပြောထား ပေမယ့် အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုကတော့ အကြမ်းဖက် အီရန် အစိုးရကို ဆက်လက် ချေမှုန်းမယ်လို့ ကြွေးကြော်ထားပါတယ်။

အမေရိကန်ဟာ စစ်အင်အား အတိုင်းအတာမှာ တားဆီးလို့ မရနိုင်တဲ့ နိုင်ငံ ဖြစ်ပြီး အီရန်ကို စစ်ပွဲ ဆင်နွှဲမှုဟာ အနာဂတ် အမေရိကန်နိုင်ငံနဲ့ ကလေးတွေ နောင်မျိုးဆက်တွေ အတွက် ဖြစ်တယ်လို့ ထရန့်က ပြောဆိုထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.