မနီလာ၊ ဧပြီ ၂

ဖိလစ်ပိုင်ကို ရန်သူမဟုတ်တဲ့ နိုင်ငံအဖြစ် တရားဝင် သတ်မှတ်ဖို့နဲ့ ဖိလစ်ပိုင် အလံစိုက်ထူထားတဲ့ သင်္ဘောတွေနဲ့ ရေနံတင် သင်္ဘောတွေကို ဘေးကင်းစွာ ဖြတ်သန်းခွင့်ပြုရေး ဖိလစ်ပိုင်က အီရန်ကို တောင်းဆိုထားပါတယ်။

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရိုနဲ့ စွမ်းအင်ဝန်ကြီး ရှာရွမ် ဂါရင်တို့ ဧပြီ ၁ ရက်က ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အီရန် သံအမတ်ကြီး ယူဆွဖ် အစ္စမေးလ်ဇါဒါနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဒါက ကျွန်တော်တို့ သင်္ဘောသားတွေနဲ့ ကျွန်တော်တို့ရဲ့ စွမ်းအင် ထောက်ပံ့မှုကို ကာကွယ်ရေးအတွက် အရေးကြီးပါတယ်လို့ ဖိလစ်ပိုင် ပြန်ကြားရေးဝန်ကြီး ကလိုင်ရီ ကက်စထရိုက ပြောပါတယ်။

အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့က စတင် တိုက်ခိုက်ပြီး နောက်ပိုင်း အရှေ့အလယ်ပိုင်း ဒေသတွင်းရှိ အမေရိကန် မဟာမိတ်တွေကို အီရန်က လက်စားချေတိုက်ခိုက်မှုတွေနဲ့အတူ စစ်ပွဲ အရှိန်မြင့်တက်လာပါတယ်။

ကမ္ဘာ့ရေနံတင်ပို့မှုအတွက် အရေးပါတဲ့ ဟောမု့ဇ် ရေလက်ကြားကို အီရန်က ပိတ်ထားတာကြောင့် ကမ္ဘာရေနံဈေးလည်း အဆမတန် မြင့်တက်နေပါတယ်။

ဟောမု့ဇ် ရေလက်ကြားကို ဖြတ်သန်းသွားတဲ့ သင်္ဘော အများစုဟာ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ အလံထောင်ထားတဲ့ ဆော်ဒီအာရေးဗီးယား၊ ယူအေအီး၊ ကာတာ၊ ကူဝိတ်၊ အိုမန်နဲ့ ဘာရိန်းနိုင်ငံတို့ရဲ့ သင်္ဘောတွေ ဖြစ်ပြီး အများစုကို အီရန်က တိုက်ခိုက်ခဲ့ ပါတယ်။

အဲဒီ ရေလမ်းကြောင်းကို ဖိလစ်ပိုင် သင်္ဘောတွေ ဖြတ်သန်းခွင့်ရရေး အီရန်ကို ဆက်သွယ် ဆွေးနွေးထားပြီး မိမိတို့ရဲ့ တောင်းဆိုချက်အရ အီရန်က ကူညီပေးဖို့ ဆန္ဒရှိတယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေး အရာရှိ တစ်ဦးက ပြောပါတယ်။

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး လာဇာရိုက အီရန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပြီး နှစ်နိုင်ငံကြား ကတိကဝတ်တွေ ရှိလာနိုင်ပါတယ်။

ရန်လို တိုက်ခိုက်မှုတွေ ရပ်စဲပြီး အရပ်သားတွေကို ကာကွယ်ပေးရေး ဖိလစ်ပိုင်က တိုက်တွန်းထားပါတယ်။

အမေရိကန်နဲ့ စာချုပ်ချုပ်ထားတဲ့ မဟာမိတ် ဖြစ်ပေမယ့် အီရန် စစ်ပွဲအတွင်း ဘယ်ဖက်ကမှ ပါမှာ မဟုတ်ဘူးလို့ ဖိလစ်ပိုင်က ပြောထားပါတယ်။

ဖိလစ်ပိုင်မှာ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက နှစ်နဲ့ချီ သက်တမ်းရှိတဲ့ နိုင်ငံတော် စွမ်းအင် အရေးပေါ်အခြေအနေ တစ်ရပ် စောစောပိုင်းက ကြေညာထားပါတယ်။

အရှေ့အလယ်ပိုင်း စစ်ပွဲ ပိုမို ရှည်ကြာလာတာနဲ့အမျှ ကမ္ဘာတဝှမ်း လောင်စာ ပြဿနာ ပိုမိုကြီးထွားလာနေပါတယ်။

အမေရိကန်က ရေနံရှားပါးမှုနဲ့ ကြုံနေချိန်မှာ သူတို့ ဒဏ်ခတ် ပိတ်ဆို့ထားတဲ့ ရုရှား ရေနံတွေကို ရောင်းချခွင့် ပြုထားပါတယ်။

အီရန်အနေနဲ့ သဘောတူညီမှု တစ်ရပ် ရရှိဖို့ အသည်းအသန် အလိုရှိနေပြီလို့ ထရန့်က ပြောထားပေမယ့် အီရန်က ညှိနှိုင်းဖို့ မရှိဘူးလို့ ပြောထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.