ဝါရှင်တန်၊ ဧပြီ ၁

သမ္မတ ဒေါ်နယ် ထရန့်က အိမ်ဖြူတော် အရှေ့ဖက် အဆောင်နေရာမှာ ဆောက်လုပ်ဖို့ စီစဉ်ထားတဲ့ ဒေါ်လာ သန်း ၄၀၀ တန် ကပွဲခန်းမ စီးမံကိန်းကို လွှတ်တော်ရဲ့ ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ်ဖို့ မရဘူးလို့ အမေရိကန် တရားသူကြီး တစ်ဦးက မတ် ၃၁ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။

ဒါကြောင့် အမေရိကန်ရဲ့ အာဏာထိုင်ခုံနေရာကို ပြန်လည် ပုံသွင်းရေး ရီပက်ဘလေကန် သမ္မတကြီးရဲ့ အမြင်သာဆုံး ကြိုးပမ်းမှုတွေထဲက တစ်ခု လောလောဆယ် ရပ်တန့်သွားပြီ ဖြစ်ပါတယ်။

သမိုင်းဝင် အရှေ့ဖက် အဆောင်ကို ဖျက်ချပြီး အဆောက်အဦ အသစ် တည်ဆောက်ဖို့ စတင်ဆောင်ရွက်မှုဟာ ထရန့်က သူ့ရဲ့ လုပ်ပိုင်ခွင့် အာဏာထက် ကျော်လွန် လုပ်ဆောင်မှု ဖြစ်တယ်လို့ အမျိုးသား သမိုင်းဆိုင်ရာ ယုံကြည်မှု ထိန်းသိမ်းရေးအဖွဲ့က စွပ်စွဲပြီး တရားစွဲဆိုထာပါတယ်။

အမေရိကန် ဒေသဆိုင်ရာ တရားသူကြီး ရစ်ချက် လီယွန်က ထရန့်အနေနဲ့ လွှတ်တော် ခွင့်ပြုချက် ယူရမှာ ဖြစ်တာကြောင့် လောလောဆယ် အဲဒီ စီမံကိန်းကို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ရီပက်ဘလေကန် သမ္မတဟောင်း ဂျော့ချ် ဒဗလျူ ဘွတ်ချ် ခန့်အပ်ထားခဲ့တဲ့ တရားသူကြီး လီယွန်က စတုရန်းပေ ၉၀၀၀၀ ကျယ်တဲ့ ကပွဲ စီမံကိန်းကို ရပ်ဆိုင်ခိုင်းလိုက်ပြီးနောက် တရားစွဲဆိုမှုတွေ ဆက်ရှိပါသေးတယ်။

တရားသူကြီးက သူ့ရဲ့ အမိန့်ကို ထရန့် အစိုးရက အယူခံ ဝင်နိုင်အောင် ၁၄ ရက် ရပ်ဆိုင်းထားမှာ ဖြစ်ကြောင်း ပြောပါတယ်။

အခု ချမှတ်လိုက်တဲ့ အမိန့်က အိမ်ဖြူတော်ရဲ့ ဘေးကင်းရေးနဲ့ လုံခြုံရေး သေချာစေဖို့ ဆောက်လုပ်ရေး လိုအပ်ချက်တွေကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ တရားသူကြီးက ဆိုပါတယ်။

တရားသူကြီး လီယွန်ရဲ့ အမိန့်ထွက်လာပြီးနောက် နာရီပိုင်း အကြာမှာ တရားရေးဌာနက District of Columbia ဒေသ အမေရိကန် အယူခံ တရားရုံးမှာ အယူခံဝင်ခဲ့တယ်လို့ သိရပါတယ်။

ထရန့်က အဲဒီ ကပွဲခန်းမ တည်ဆောက်ဖို့ ကုန်ကျစရိတ်ကို အခွန်ထမ်း ပြည်သူတွေရဲ့ ငွေတွေ အသုံးပြုသွားမှာ မဟုတ်ဘဲ အလှူရှင်တွေ ရှိတယ်လို့ ပြောထားပါတယ်။

အဲဒီ ကပွဲခန်းမဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး အဆောက်အဦ ဖြစ်လာမယ်လို့လည်း သူက ပြောပါတယ်။

အိမ်ဖြူတော် အရှေ့ဖက် အဆောင်ကို ၁၉၀၂ ခုနှစ်က စတင် တည်ဆောက်ခဲ့တာ ဖြစ်ပြီး ဆယ်စုနှစ် လေးစုအကြာ ဖရန့်ကလင် ရူးစဗက်ရဲ့ သမ္မတ သက်တမ်း အတွင်း တိုးချဲ့ ဆောက်လုပ်ခဲ့ပါတယ်။

ဒီလို သမိုင်းဝင် အဆောက်အဦကို ထရန့် အစိုးရက ဖြိုဖျက်ပစ်ခဲ့ပြီး ထရန့်က ကပွဲခန်းမ တည်ဆောက်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.