မော်စကို၊ ဧပြီ ၁

ခရိုင်းမီးယား ကျွန်းဆွယ်ဒေသမှာ ရုရှား စစ်လေယာဉ် တစ်စီး ပျက်ကျသွားပြီး လိုက်ပါသွားသူ ၂၉ ဦး သေဆုံးကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ပုံမှန် ပျံသန်းနေကျ ခရီးစဉ်အတွင်း An-26 လေယာဉ်ဟာ အာဏာပိုင်တွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီးနောက် လေယာဉ် အပျက်အစီးတွေ ရှာတွေ့ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ရုရှား မီဒီယာနှစ်ခုကို ပြောဆိုထားပါတယ်။

လေယာဉ် အမှုထမ်း ၆ ဦးနဲ့ ခရီးသည် ၂၃ ဦး လိုက်ပါသွားတဲ့ အဲဒီ လေယာဉ် ချောက်ကမ်းပါးထဲ ပျက်ကျရတဲ့ အကြောင်းရင်းဟာ နည်းပညာ ပြဿနာကြောင့် ဖြစ်ပုံရတယ်လို့ အဲဒီဝန်ကြီးဌာနက ပြောပါတယ်။

အသက်ရှင်လွတ်မြောက်သူ တစ်ယောက်မှ ရှိပုံမရဘူးလို့လည်း ရုရှား အရာရှိတွေက ပြောထားတာပါ။

ခရိုင်းမီးယား ဒေသကို ရုရှားက ယူကရိန်းဆီက ၂၀၁၄ ခုနှစ်အတွင်း သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

လေယာဉ် ပြင်မှာ ထိခိုက်ပျက်စီးမှု မရှိတာကြောင့် ဒုံးကျည်၊ ဒရုန်း ဒါမှမဟုတ် ငှက်တွေနဲ့ တိုက်မိပြီး ပျက်ကျတာ မဟုတ်ဘူးလို့ ရုရှား အရာရှိတွေက ကနဦး ကောက်ချက်ချထားကြ ပါတယ်။

အဲဒီ လေယာဉ်ဟာ မြေပြင်နဲ့ မတ် ၃၁ ရက် ဒေသစံတော်ချိန် ညနေ ၆နာရီလောက်မှာ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ပြီးနောက် လေယာဉ် အပျက်အစီးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

An-26 အမျိုးအစား လေယာဉ်ဟာ ဆိုဗီယက်ခေတ် လေယာဉ် ဖြစ်ပြီး အဓိကအားဖြင့် လေးလံတဲ့ ကုန်ပစ္စည်းတွေ၊ ခရီးသည် အရေအတွက် နည်းနည်းကို တာတိုနဲ့ တာလတ် ပို့ဆောင်ရေးအတွက် အသုံးပြုတာ ဖြစ်ပါတယ်။

အဲဒီ လေယာဉ် အမျိုးအစားကို ယူကရိန်း လေကြောင်း ကုမ္ပဏီ Antonov က ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

အဲဒီ လေယာဉ်အမျိုးအစားကို ၁၉၆၀ ပြည်နှစ်များ နှောင်းပိုင်းကတည်းက အသုံးပြုလာခဲ့တာ ဖြစ်ပေမယ့် လူသေဆုံးမှု ရှိတဲ့ ပျက်ကျမှု အတော်များများမှာ အဲဒီလို လေယာဉ် အမျိုးအစား ပါဝင်ခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်က ခါကိဗ် ဒေသမှာ ယူကရိန်း An-26 လေယာဉ် ပျက်ကျချိန်က လူ ၂၆ ဦး သေဆုံးခဲ့ပြီး အများစုဟာ ဗိုလ်လောင်းတွေ ဖြစ်ပါတယ်။

နောက်တစ်နှစ်မှာလည်း ရုရှား အရှေ့ဖက်စွန်းမှာ အဲဒီ လေယာဉ် အမျိုးအစား တစ်စီး ပျက်ကျခဲ့ပြီး ၂၈ ဦး သေဆုံးခဲ့ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.