ဘန်ကောက်၊ ဧပြီ ၁

ဖြစ်လာနိုင်ခြေရှိတဲ့ ရာနှုန်းပြည့် စွမ်းအင် အကြပ်အတည်းကို နိုင်နင်းအောင် ကိုင်တွယ် ဖြေရှင်နိုင်ရေး ထိုင်းအစိုးရက အဆင့် သုံးဆင့်ပါဝင်တဲ့ အရေးပေါ် အစီအစဉ် တစ်ရပ်ကို ကြေညာလိုက်ပါတယ်။

ထိုင်းအစိုးရ ကြေညာလိုက်တဲ့ အရေးပေါ် အစီအစဉ်မှာ လောင်စာ အချိုးကျထုတ်ပေးတာ၊ ဓာတ်ဆီဆိုင်တွေနဲ့ ဈေးဝယ်စင်တာတွေ ဖွင်လှစ်ချိန်ကို ကန့်သတ်တာတွေလည်း ပါဝင်နေပါတယ်။

အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေးအတွက် အရေးပါတဲ့ ရေလမ်းကြောင်း ချုပ်ကွက် နေရာ နှစ်ခု ပိတ်သွားနိုင်တဲ့အတွက် ထိုင်းအစိုးရက အခုလို အရေးပေါ် အစီအစဉ်ကို ကြေညာတာ ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်း အခြေအနေ စောင့်ကြည့်ရေး စင်တာ ပြောရေးဆိုခွင့်ရှိ အမျိုးသမီး နတ်နာ မဟတ်တာနာက အဓိက ကိစ္စသုံးခုကို ထည့်သွင်း စဉ်းစားပြီးနောက် အခုလို စီစဉ်တာ ဖြစ်တယ်လို့ ဧပြီ ၁ ရက်မှာ ပြောပါတယ်။

အရှေ့အလယ်ပိုင်း ဒေသရဲ့ အန္တရာယ် ဆင့်ကဲ ပြောင်းလဲလာမှု၊ ထိုင်းအစိုးရရဲ့ စွမ်းအင်ဆိုင်ရာ စီမံခန့်ခွဲမှုအပေါ် အရှုပ်အထွေး ဖြစ်ပေါ်စေမှု၊ အန္တရာယ်တွေ မြင့်မားလာချိန်မှာ တခြားနိုင်ငံတွေရဲ့ တုံ့ပြန်ပုံ ဥပမာတွေနဲ့ စီးပွားရေးဝန်ကြီးဌာနက အရေးယူဆောင်ရွက်ထားတဲ့ အစီအစဉ်တွေကို ထည့်သွင်း စဉ်းစားပြီး အရေးပေါ်အခြေအနေ ကြေညာတာ ဖြစ်တယ်လို့ စင်တာ ပြောခွင့်ရအမျိုးသမီးက ဆိုပါတယ်။

ဟောမု့ဇ် ရေလက်ကြားကနေ ထိုင်းကုန်တင် သင်္ဘောတွေ ဖြတ်သန်းရေး အစိုးရက အောင်မြင်စွာ ညှိနှိုင်းထားနိုင်ပေမယ့် ရေနံနဲ့ စီးပွားရေးအတွက် အရေးပါတဲ့ နောက်ထပ် သင်္ဘော လမ်းကြောင်း တစ်ခု ဖြစ်တဲ့ ပင်လယ်နီရှိ ဘက် အယ် မန်ဒက်ရေလက်ကြားလည်း အနှောင့်အယှက် ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

အနာဂတ် ဖြစ်နိုင်ခြေ သုံးခုအတွက် ထိုင်း စွမ်းအင်ဝန်ကြီးဌာနက ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားတယ်လို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူဟောင်း၊ အစိုးရ စောင့်ကြည့်ရေး စင်တာမှာ ပြောရေးဆိုခွင့်ရှိသူ အဖြစ် မကြာသေးခင်ကမှ ခန့်ထားသူ မစ္စစ် မဟတ်တာနာက ပြောပါတယ်။

အန္တရာယ်တွေကို လျှော့ချနိုင်ရေး ထိုင်းအရာရှိတွေက လောင်စာ တင်သွင်းယူနိုင်မယ့် အရင်အမြစ်တွေ အမျိုးစုံလာစေရေး ကြိုးပမ်းနေပါတယ်။

ရေလက်ကြား နှစ်ခုစလုံး ပိတ်သွားပြီး အရှေ့အလယ်ပိုင်း ဒေသဆီက ရေနံလုံးဝ တင်သွင်းလို့ မရနိုင်တော့တဲ့ အဆိုးရွားဆုံး အခြေအနေအတွက်လည်း အစိုးရက ကြိုတင် ပြင်ဆင်ထားတယ်လို့ မစ္စစ် မဟတ်တာနာက ပြောပါတယ်။

စွမ်းအင် အကြပ်အတည်းကြောင့် လက်တွေ့ အရေးယူ ဆောင်ရွက်ရေး အစီအစဉ် တစ်စိတ်တစ်ပိုင်းအနေနဲ့ ထိုင်းအစိုးရက အရေးပေါ် အစီအစဉ် တချို့ ချမှတ်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

B20 ဒီဇယ်ဆီတွေအတွက် အဓိကအားဖြင့် ထရပ်ကားတွေနဲ့ ပစ်ကပ်ကားတွေ ထုတ်လုပ်သူက အသိအမှတ်ပြုထားတဲ့ ကားတွေအတွက်ပဲ ဝယ်ယူခွင့် ရရှိမှာ ဖြစ်တယ်လို့ မစ္စစ် မဟတ်တာနာက ပြောပါတယ်။

အရှေ့အလယ်ပိုင်း ဒေသ အန္တရာယ်တွေ အရှိန်မြင့်တက်လာနေချိန်မှာ တခြားနိုင်ငံတွေ တော်တော်များများကလည်း သူတို့ရဲ့ လူထုကို ကာကွယ်ဖို့ အစီအစဉ်တွေ ချမှတ်ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။

ဥပမာ တောင်ကိုရီးယားမှာ မတ် ၂၅ ရက်က စတင်ပြီး အစိုးရ ဌာနတွေအနေနဲ့ မော်တော်ယာဉ်တွေ တစ်ပတ် ၅ ရက် အသုံးပြုမယ်လို့ သတ်မှတ်ထားတယ်လို့ သူက ပြောပါတယ်။

အဆိုပါ သတ်မှတ်ချက်ကြောင့် တစ်ရက်ကို လောင်စာဆီ စည်ပေါင်း ၃၀၀၀ကျော် ချွေတာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ပြင်သစ်နဲ့ ဗြိတိန်တို့မှာလည်း သတ်မှတ်ချက်တွေနဲ့အတူ လောင်စာ ထောက်ပံ့ကြေး အစီအစဉ်တွေ အကောင်အထည် ဖော်ထားပါတယ်။

စွမ်းအင်အတွက် အရေးပါတဲ့ သင်္ဘော လမ်းကြောင်း နှစ်ခုစလုံး ပိတ်သွားခဲ့မယ်ဆိုရင် လောင်စာ သုံးစွဲမှုကို ထိုင်းအစိုးရက ပိုမို တင်းကြပ်စွာ ထိန်းချုပ်ဖို့ စီစဉ်ထားပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.