ဂျေရုစလင်၊ ဧပြီ ၁

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုက အီရန် အကြမ်းဖက် အစိုးရကို ဆက်လက် နှိမ်နင်းသွားမှာ ဖြစ်ကြောင်း မတ် ၃၁ ရက်မှာ ကြေညာလိုက်ပြီး မိမိတို့ရဲ့ စစ်ဆင်ရေးတွေနဲ့ အတူ ရှေ့ဆက် ဖိဖိစီးစီး တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။

စစ်ဆင်ရေး မပြီးသေးပါဘူး အကြမ်းဖက် အစိုးရအဖွဲ့ကို ကျွန်တော်တို့ ဆက်လက် နှိမ်နင်းသွားမှာ ဖြစ်ပါတယ်လို့ ဝန်ကြီးချုပ် နေတန်ညာဟုက ရုပ်သံက ထုတ်လွှင့်တဲ့ ကြေညာချက် ထဲ ပြောထားပါတယ်။

အီရန် သမ္မတ မာဆောက် ပီဇက်ခီယမ်က မိမိတို့အနေနဲ့ အမေရိကန်၊ အစ္စရေးတို့နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ လိုအပ်တဲ့ ဆန္ဒရှိတယ်လို့ ပြောကြားပြီးနောက် နေတန်ညာဟုက အခုလိုမျိုး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အီရန်အနေနဲ့ စစ်ပွဲ အဆုံးသတ်ဖို့ လိုအပ်တဲ့ ဆန္ဒရှိပေမယ့် စစ်ပွဲ ထပ်မဖြစ်တော့ပါဘူးဆိုတဲ့ အာမခံချက် ရရှိဖို့ ကြိုးပမ်းနေတယ်လို့ သမ္မတ ပီဇက်ခီယမ်က ဆိုပါတယ်။

ဂျူးလူမျိုးတို့ရဲ့ ဧပြီ ၁ ရက် ကျရောက်တဲ့ ကပ်ဘေးကျော် အားလပ်ရက် အကြိုနေ့မှာ ဝန်ကြီးချုပ် နေတန်ညာဟုက ဒီစစ်ပွဲဟာ မိမိတို့ တိုက်ရမှာ ဖြစ်တဲ့အတွက်ကြောင့် တိုက်ခိုက်နေတာ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က နေတန်ညာဟုနဲ့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်တို့က အီရန် အပေါ် စစ်ပွဲသစ် စတင်ခဲ့ပြီး အီရန်က ဒေသတဝှမ်း လက်တုံ့ပြန် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ ပါတယ်။

အီရန် ထိပ်တန်း ခေါင်းဆောင် အယာတိုလာ အလီခါမေနီ အပါအဝင် ထိပ်တန်း ခေါင်းဆောင် တချို့ သေဆုံးခဲ့ပြီးနောက် နောက်ထပ် ခေါင်းဆောင်တွေ သတ်ဖြတ်ခံရရင် အမေရိကန်ရဲ့ နည်းပညာလုပ်ငန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်မှာ ဖြစ်ကြောင်း အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့က သတိပေးထားပါတယ်။

နေတန်ညာဟုရဲ့ လုပ်ရပ်တွေနဲ့ သူ့ရဲ့ ပြောဆိုမှုတွေကို အစ္စရေး အတိုက်အခံ ပါတီ ခေါင်းဆောင် ယာအာ လာပစ်က ပြစ်တင် ဝေဖန်ထားပါတယ်။

နေတန်ညာဟုဟာ အမြဲတမ်း မောက်မာတဲ့ စကားတွေ ပြောဆိုလေ့ရှိပြီး သူ့အနေနဲ့ အရှေ့အလယ်ပိုင်းဒေသကို ပြောင်းလဲပစ်လိုက်ပြီ ဖြစ်ကြောင်း မကြာခဏ ပြောတတ်ပေမယ့် အမှန်တကယ်မှာ ဘာမှ ပြောင်းလဲမသွားဘူးလို့ ပါတီခေါင်းဆောင် လာပစ်က ပြောပါတယ်။

ဒေါ်နယ် ထရန့်ကတော့ သူ့အနေနဲ့ အီရန် စစ်ပွဲကို သီတင်းပတ် အနည်းငယ်အတွင်း အဆုံးသတ်ပစ်နိုင်တယ်လို့ ပြောဆိုထားပါတယ်။

နေတန်ညာဟုကတော့ အီရန်မှာ အစ္စရေးရဲ့ စစ်ရေး ရည်မှန်းချက် ထက်ဝက်ကျော် အောင်မြင်ပြီ ဖြစ်ပြီး ဆက်လက် တိုက်ခိုက်သွားမယ်လို့ ပြောထားပါတယ်။

လောလောဆယ် အမေရိကန်က အရှေ့အလယ်ပိုင်း ဒေသသို့ တပ်ဖွဲ့ဝင် အများအပြား စေလွှတ်ထားပြီး အနာဂတ် စစ်ဆင်ရေးတွေအတွက် ကြိုတင် အင်အားဖြည့်တင်းထား ပါတယ်။

ဒီအချိန်မှာ မြေပြင် စစ်ဆင်ရေးတွေ ပြုလုပ်ဖို့ ပင်တဂွန်က ဒေါ်နယ် ထရန့်ရဲ့ အမိန့်ကို စောင့်ဆိုင်းနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အမေရိကန်က စေလွှတ်မယ့် မြေပြင်တပ်ဖွဲ့တွေကို စောင့်ကြိုနေကြောင်းနဲ့ မိမိတို့ မြေပေါ်ကို ခြေချလာတာနဲ့ မီးမိုးရွာသွန်းပစ်မှာ ဖြစ်ကြောင်း အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့က ပြောပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပြင်ထန်တဲ့ တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အီရန်က ဒေသတွင်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းတွေကို လက်ခံထားတဲ့ နိုင်ငံတွေအပေါ် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အီရန် စစ်ပွဲအတွင်း စစ်ဖက်မဟုတ်တဲ့ ပစ်မှတ်တွေလည်း နောက်ပိုင်းမှာ တိုက်ခိုက်ခံလာရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက ဒူဘိုင်းရေပြင်မှာ ရှိနေတဲ့ ကာတာ ရေနံတင် သင်္ဘောကြီး တစ်စီးကို အီရန်က ပစ်ခတ် တိုက်ခဲ့တာကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

အစ္စရေးက အီရန်ကို တိုက်ခိုက်နေတဲ့အပြင် လက်ဘနွမ်ရှိ အီရန် ထောက်ပံ့ပေးထားတဲ့ ဟစ်ဇဘိုလာ အဖွဲ့ကိုလည်း တိုက်ခိုက်နေပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.