ဆိုးလ်၊ ဧပြီ ၂

အီရန် စစ်ပွဲကြောင့် နိုင်ငံ့ စီးပွားရေးဟာ စစ်မက်ကာလ ခြေကုန်လက်ပမ်းကျတဲ့ အနေအထား ဖြစ်နေတယ်လို့ တောင်ကိုရီးယား သမ္မတ လီဂျေးမြောင်က ဧပြီ ၂ ရက်မှာ ပြောလိုက်ပါတယ်။

အဲဒီ ပြဿနာကို တိုက်ဖျက်ရေး တောင်ကိုရီးယား အစိုးရက ဖြည့်စွက် ဘက်ဂျက် ဒေါ်လာ ၁၇ ဒသမ ၂ ဘီလီယံ အဆိုပြုလိုက်ပြီးနောက် လီက အခုလိုမျိုး ပြောဆိုလာတာပါ။

အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့က တိုက်ခိုက်နေချိန် ရေနံဈေးနှုန်း မြင့်တက်နေပြီး တောင်ကိုရီးယားအတွက် ဖွံ့ဖြိုးမှုနဲ့ ငွေဖောင်းပွမှုဆိုင်ရာ အန္တရာယ်တွေ မြင့်တက်နေပါတယ်။

တောင်ကိုရီးယားဟာ ပြည်ပကနေ တင်သွင်းယူရတဲ့ လောင်စာ စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းကို အရှေ့အလယ်ပိုင်း ဒေသကနေ တင်သွင်းတာ ဖြစ်ပါတယ်။

မိမိတို့ အစိုးရက နိုင်ငံ့စီးပွားရေးကို စစ်မက်ကာလ ခြေကုန်လက်ပမ်းကျတဲ့ အနေအထားမျိုး သဘောထားပြီး ပြဿနာကို ကျော်ဖြတ်ရေး ကြိုးပမ်းမှုတွေ အားလုံး လုပ်ဆောင်နေတယ်လို့ သမ္မတက ပြောပါတယ်။

လက်ရှိ ဖြစ်နေတဲ့ အကြပ်အတည်းဟာ မကြာခင် ရပ်တန့်သွားမယ့် မိုးပြေးကလေး မဟုတ်ဘဲ အဆုံးအစမဲ့ ကြာမြင့်နိုင်တဲ့ ဧရာမ မုန်တိုင်း တစ်ခုလို ဖြစ်တယ်လို့ သမ္မတလီက ပြောဆိုတာပါ။

လွှတ်တော်အမတ်တွေအနေနဲ့ အစိုးရ အဆိုပြုထားတဲ့ ဘက်ဂျက်ကို အလျင်အမြန် ခွင့်ပြုပေးကြဖို့လည်း သူက တိုက်တွန်းပါတယ်။

ဝင်ငွေဇယား အောက်ခြေက ၇၀ ရာခိုင်နှုန်းသော သူတွေအတွက် တစ်ဦးကို ဝမ် ၁ သိန်းကနေ ၆ သိန်းအထိ ပေးဝေရေး အစိုးရက ဝမ် ၄ ဒသမ ၈ ထရီလီယံ (ကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံ) လျာထားပါတယ်။

အရေးပေါ်အချိန်ကာလတွေမှာ သာမန်ထက် ထူးခြားတဲ့ အစီအစဉ်တွေ လိုအပ်တယ်လို့ လီဂျေးမြောင်က ပြောပါတယ်။

တခြား အာရှစီးပွားရေးတွေလိုပဲ တောင်ကိုရီးယားဟာ ပြည်ပကနေ တင်သွင်းတဲ့ လောင်စာ အပေါ် အများကြီး အားကိုးနေရပါတယ်။

ဟောမု့ဇ် ရေလက်ကြားကို အီရန်က ပိတ်ထားတာကြောင့် စွမ်းအင်ဈေးနှုန်း မြင့်တက်လာသလို ကမ္ဘာ့စီးပွားရေးလည်း လှုပ်လှုပ်ခတ်ခတ် ဖြစ်နေပါတယ်။

စွမ်းအင်ထောက်ပံ့နိုင်မှုအပေါ် ရှိနေတဲ့ ဖိအားတွေ လျော့ပါးစေရေး တောင်ကိုရီးယား အစိုးရက ၁၉၉၇ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အနေနဲ့ လောင်စာ ဈေးနှုန်းကို ထိန်းချုပ်ထားပါတယ်။

ရေမြန်မြန် ချိုးကြဖို့ လက်ကိုင်ဖုန်းတွေကို နေ့ခင်းဖက်မှာပဲ အားသွင်းကြဖို့ အပါအဝင် တောင်ကိုရီးယား စွမ်းအင်ဝန်ကြီးက စွမ်းအင် ချွေတာရေး လမ်းညွှန်ချက်တွေ ထုတ်ထား ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.