သံတွဲ၊ ဧပြီ ၂
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးငယ် နှစ်ဦးအပါအဝင် မိသားစု လေးဦးစလုံး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ပါတယ်။
မနေ့ ဧပြီ ၁ ရက်နေ့ နေ့လည် ၁၁ နာရီ ၁၁ မိနစ်ကနေ ၁၁ နာရီ ၄၅ မိနစ်ထိ စစ်ကော်မရှင်တပ်ဟာ သံတွဲမြို့နယ်မှာ ဂျက်ဖိုက်တာ လေးစီးနဲ့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး တစ်ချိန်တည်းမှာပဲ ပင်လယ်ပြင်မှာ ရပ်ထားတဲ့ စစ်သဘောၤကလည်း လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာပါ။
စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုဟာ သံတွဲမြို့နယ်ရှိ အရင် စစ်ကော်မရှင်ရဲ့ အမှတ် ၅၅ ခြေလျင်တပ်ရင်း စခန်းဟောင်းအနီး ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
အဲဒီဗုံးကြဲမှုကြောင့် စခန်းဟောင်းအနီး ဝန်းကျင်မှာ စစ်ရှောင်နေတဲ့ ကလေးငယ် နှစ်ဦးအပါအဝင် မိသားစုဝင် လေးဦးစလုံး သေဆုံးပြီး ကလေး နှစ်ဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီဗုံးကြဲမှုဟာ စစ်ကော်မရှင်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်အသစ် လက်ထက်မှာ မိသားစုအလိုက် စစ်ရာဇဝတ်မှု ကျူးလွန်သတ်ဖြတ်ခံရတဲ့ ပထမဆုံးဖြစ်ရပ် ဖြစ်တယ်လို့ အာရက္ခတပ်တော် AA ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့ကလည်း အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ် ကြောင်ချောင်းကျေးရွာကို လေကြောင်းကနေ ဗုံးကြဲသွားတာကြောင့် အရပ်သား ခုနှစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အာရက္ခတပ်တော် AA ကတော့ စစ်ကော်မရှင်တပ်ဟာ အခုရက်ပိုင်းတွေအတွင်း အာရက္ခပြည်မှာ ဂျက်တိုက်လေယာဉ် သုံးစီးအထက် တပြိုင်တည်းအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုတွေကို အရင်ထက် ပိုမို သူရဲဘောကြောင်၊ အောက်တန်းကျစွာ ပြင်းပြင်းထန်ထန် ပြုလုပ်လာတယ်လို့ သတိပေးထားပါတယ်။
ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းအန္တရာယ်ကို အထူး သတိရှိကြဖို့ အလေးအနက် တိုက်တွန်းတယ်လို့ အာရက္ခတပ်တော် AA အသိပေးထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA

