ဘီးလင်း၊ ဧပြီ ၃
မွန်ပြည်နယ် ဘီးလင်းမြို့နယ် လေးကေကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်က လေကြောင်းကနေ လာရောက်ဗုံးကြဲသွားတယ်လို့ ကရက်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ထံကနေ သိရပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဧပြီ ၁ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်မှာ ဂျက်ဖိုက်တာ လေယာဉ် တစ်စီးနဲ့ လေးကေရွာကို လေကြောင်းကနေ ဗုံး လေးဗုံး လာရောက်ကြဲချသွားတာပါ။
လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ် ၁၂ လုံး ပျက်စီးသွားပြီး ဒေသခံ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
လေးကေရွာ စစ်ကော်မရှင်တပ် ဗုံးကြဲမှုဟာ ပြည်သူအများစု စစ်ရှောင်နေတာကြောင့် ထိခိုက်သေဆုံးမှု နည်းပါးခဲ့တာလို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
KNU သထုံခရိုင် အုပ်ချုပ်နယ်မြေဖြစ်တဲ့ လေးကေကျေးရွာ ဒေသခံပြည်သူတွေဟာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာကို လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် မြေးအဖွား နှစ်ဦး သေဆုံးပြီး အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

