ဝါရှင်တန်၊ မတ် ၃၀

သီတင်းပတ်နဲ့ချီပြီး ကြာမြင့်နိုင်တဲ့ အီရန် မြေပြင် စစ်ဆင်ရေးတွေအတွက် အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ The Washington Post သတင်းဌာနက ရေးပါတယ်။

ဖြစ်လာနိုင်ခြေရှိတဲ့ အဲဒီ မြေပြင်ထိုးစစ်ဆင်မှုတွေဟာ ရာနှုန်းပြည့် ကျူးကျော်တိုက်ခိုက်မှု မြောက်မှာ မဟုတ်ပေမယ့် ခြေမြန်တပ်တွေနဲ့ အထူးတပ်ဖွဲ့တွေရဲ့ စီးနင်း တိုက်ခိုက်မှုတွေ ပါဝင်နိုင်တယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် အရာရှိတွေကို ကိုးကားပြီး ဖော်ပြလာတာပါ။

ရည်မှန်းချက်တွေ ပြည့်မြောက်ရေး သီတင်းပတ်အနည်းငယ် ကြာနိုင်ပြီး လနဲ့ချီပြီး ကြာမှာ မဟုတ်ဘူးလို့ သတင်းရင်းမြစ် တစ်ခုက The Washington Post သတင်းဌာနကို ပြောထားပါတယ်။

အီရန်မှာ မြေပြင်ထိုးစစ် ဆင်နွှဲမယ့် အစီအစဉ်တွေကို သမ္မတ ဒေါ်နယ် ထရန့်က ခွင့်ပြုသွားမှာလား ဆိုတာကိုတော့ မသိရသေးဘူးလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အမေရိကန်က အရှ့အလယ်ပိုင်း ဒေသသို့ တပ်ဖွဲ့ဝင် ၂၅၀၀ ချထားပြီးနောက် နောက်ထပ် ၂၅၀၀ ကို စစ်သင်္ဘောတွေနဲ့ စေလွှတ်လိုက်ပြီ ဖြစ်ကြောင်း မတ် ၃၀ ရက် နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြထားပါတယ်။

စစ်ဦးစီးချုပ်အတွက် ရွေးချယ်စရာ အများဆုံး ရှိစေရေး ပင်တဂွန်က ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ အိမ်ဖြူတော် ပြန်ကြားရေး တာဝန်ခံ ကယ်ရိုလင်း လေဗစ်က The Washington Post သတင်းဌာနကို ပြောပါတယ်။

ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပေမယ့် သမ္မတက ခွင့်ပြုပြီးတဲ့ သဘောမဟုတ်ဘူးလို့ အမေရိကန် အရာရှိတွေက ဆိုတာပါ။

မိမိတို့ရဲ့ ရည်မှန်းချက်များ ပြည့်မြောက်စေရေး မြေပြင်တပ်ဖွဲ့တွေ စေလွှတ်ဖို့ လိုအပ်မှာ မဟုတ်ကြောင်းနဲ့ ရှည်ကြာတဲ့ စစ်ပွဲ ဖြစ်လာမှာ မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက သတင်းထောက်တွေကို ပြောဆိုပါတယ်။

မြေပြင်တပ်ဖွဲ့တွေ မစေလွှတ်ဘဲနဲ့ မိမိတို့ ရည်မှန်းချက်တွေ ပြည့်မြောက်အောင် လုပ်ဆောင်နိုင်တယ်လို့ ဝန်ကြီး ရူဘီယိုက ဆိုတာပါ။

အမေရိကန်က အီရန်အတွက် စီးပွားရေး အသက်သွေးကြောဖြစ်တဲ့ ရေနံထုတ်လုပ်မှု စုရပ် ခါ့ခ်ကျွန်းကို သိမ်းပိုက်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

Ref:Independent

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.