ဝါရှင်တန်၊ မတ် ၃၀

အီရန်ရဲ့ လောင်စာထုတ်လုပ်မှု အဓိက စုရပ် ခါ့ခ်ကျွန်းကို သိမ်းပိုက်နိုင်ခြေရှိတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောဆိုနေချိန်မှာ အီရန်ကတော့ အမေရိကန် မြေပြင်တပ်ဖွဲ့တွေ နိုင်ငံထဲရောက်လာရင် မီးမိုးရွာချပစ်မယ်လို့ ကြွေးကြော်နေပါတယ်။

မတ် ၃၀ ရက် မနက်ပိုင်းက အာရှဈေးကွက်များ ဖွင့်လှစ်ချိန် ရေနံဈေး တစ်စည်ကို ၁၁၅ ဒေါ်လာကျော်အထိ မြင့်တက်လာချိန်မှာ ထရန့်က သူ့အနေနဲ့ အီရန်နိုင်ငံရှိ ရေနံတွေကို ရယူနိုင်တယ်လို့ ပြောပါတယ်။

အမေရိကန် နိုင်ငံသားတွေရဲ့ နေအိမ်တွေ၊ တက္ကသိုလ်တွေနဲ့ အစ္စရေး အရာရှိတွေကို လက်စားချေတိုက်ခိုက်မှု တိုးမြှင့် လုပ်ဆောင်သွားမယ်လို့ အီရန်က ခြိမ်းခြောက်ထားပါတယ်။

အစ္စဖာဟန်မြို့လယ်ရှိ တက္ကသိုလ် တစ်ခုကို အခုသီတင်းပတ်ကုန်ရက်က ဒုတိယအကြိမ် ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတယ်လို့ အီရန်က ပြောပါတယ်။

တိုက်ခိုက်မှုတွေအတွင်း လျှပ်စစ်ဓာတ်အား ပေးဝေရေး အခြေခံ အဆောက်အဦတွေ ထိခိုက် ပျက်စီးခဲ့ပေမယ့် တီဟီရန်မြို့ရဲ့ ဒေသ အများစုကို လျှပ်စစ်ဓာတ်အား ပြန်ပေးထားနိုင်ပြီလို့ အီရန် အစိုးရက ပြောပါတယ်။

ဒီအတောအတွင်း အစ္စရေးက နိုင်ငံတောင်ပိုင်းရှိ စက်မှုဇုန်နေရာမှာ အီရန်ရဲ့ တိုက်ခိုက်မှုကြောင့် ဖြစ်ပွားခဲ့တဲ့ မီးလောင်ကျွမ်းမှုကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း ပြောပါတယ်။

အီရန်မှာ မြေပြင်တပ်ဖွဲ့ဝင်တွေ ပိုမိုချထားရေး အမေရိကန်က စဉ်စားနေချိန်မှာ မြေပြင်တပ်တွေ ရောက်လာရင် ချေမှုန်းဖို့ အဆင်သင့်ပဲလို့ အီရန်က ကြွေးကြော်ထားပါတယ်။

တင်းမာမှု အခြေအနေ မြင့်တက်နေချိန် အမေရိကန်နဲ့ အီရန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လာမယ့် ရက်ပိုင်းအတွင်း လက်ခံ ကျင်းပရေး ကြိုတင် ပြင်ဆင်ထားတယ်လို့ ပါကစ္စတန်က ပြောပါတယ်။

ဒါပေမဲ့ အီရန်သို့မဟုတ် အမေရိကန်က သူတို့ ပါဝင်မယ်လို့ ပြောထားသလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အီရန် လွှတ်တော်ဥက္ကဋ္ဌက မိမိတို့ဆီ ရောက်ရှိလာမယ့် အမေရိကန် မြေပြင်တပ်ဖွဲ့ဝင်တွေ အပေါ် မီးမိုးရွာချပစ်ဖို့ မိမိတို့ အဆင်သင့် စောင့်နေတယ်လို့ စောစောပိုင်းက ပြောထားပါတယ်။

အမေရိကန်က တပ်ဖွဲ့ဝင် ၃၅၀၀ ကို စစ်သင်္ဘောနဲ့ အဲဒီဒေသတွင်းသို့ စေလွှတ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာထားပါတယ်။

ထရန့်က သိမ်းယူမယ်ဆိုတဲ့ ခါ့ခ်ကျွန်းဟာ အီရန် ကမ်းရိုးတန်း အလွန်မှာရှိတဲ့ ကျွန်းငယ်လေး ဖြစ်ပြီး အဓိက ရေနံထုတ်လုပ်ရာ နေရာ၊ အီရန် စီးပွားရေးရဲ့ အသက်သွေးကြော ဖြစ်ပါတယ်။

အဲဒီ ကျွန်းကို အမေရိကန် သိမ်းပိုက်လိုက်ရင် အီရန်ရဲ့ ရေနံတင်ပို့မှုတွေကို တားဆီးနိုင်မှာ ဖြစ်သလို အီရန် ကုန်းတွင်းပိုင်းကိုလည်း အဲဒီ ကျွန်းကနေ တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။

ခါ့ခ်ကျွန်းကို သိမ်းပိုက်နိုင်ရင် အီရန်ရဲ့ ဝင်ငွေကို ပိတ်ဆို့ပြီး ဖြစ်နိုင်တာကြောင့် အီရန် အနေနဲ့ စစ်ပွဲ ဆက်လက် ဆင်နွှဲနိုင်စွမ်း ထိခိုက်လာနိုင်ပါတယ်။

ဒါပေမဲ့ ခါ့ခ်ကျွန်းကို သိမ်းပိုက်ဖို့က စိန်ခေါ်မှုတွေ ရှိနေတယ်လို့ စစ်ရေး လေ့လာသူတွေက ပြောပါတယ်။

မတ် ၃၀ရက် မနက်ပိုင်းက အာရှ ဈေးကွက်တွေ ဖွင့်လှစ်ချိန်မှာ ရေနံဈေးဟာ လအလိုက် စံချိန်တင် မြင့်တက်မှုဆီ ဦးတည်နေတာ တွေ့ရပါတယ်။

အီရန် စစ်ပွဲ အရှိန် ဆက်လက် မြင့်တက်လာနိုင်ခြေရှိနေချိန် ရေနံစိမ်းဈေးနှုန်း ၃ ရာခိုင်နှုန်း ဆက်လက် မြင့်တက်ပြီး တစ်စည်ကို ၁၁၅ ဒေါ်လာကျော်အထိ ရှိလာပါတယ်။

ဂျပန်၊ တောင်ကိုရီးယားနဲ့ သြစတြေးလျ အပါအဝင် အာရှ စတော့ရှယ်ယာဈေးတွေ လျော့ကျသွားခဲ့ ပါတယ်။

အရှေ့အလယ်ပိုင်း စစ်ပွဲအတွင်း ယီမင်နိုင်ငံရှိ အီရန် ထောက်ပံ့ထားတဲ့ ဟူသီ အဖွဲ့ဝင်ပါလာပြီး အစ္စရေးကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ပွဲ ပိုပြီး ကျယ်ပြန့်လာနိုင်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.