ဝါရှင်တန်၊ မတ် ၃၀
“ဘုရင်မရှိ”ဆိုတဲ့ ခေါင်းစဉ်နဲ့ တတိယအကြိမ်မြောက် ဆန္ဒပြပွဲတွေအဖြစ် ထရန့် အစိုးရကို ဆန့်ကျင်တဲ့ အမေရိကန် နိုင်ငံတဝှမ်း ဆန္ဒပြပွဲတွေအတွင်း လူ ၈ သန်းကျော် ပါဝင်တယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။
အီရန် စစ်ပွဲ၊ လူဝင်မှုကြီးကြပ်ရေး နှိမ်နှင်းမှုနဲ့ နေထိုင်စားသောက်မှု ကုန်ကျစရိတ် မြင့်တက်နေမှုတို့လို ကိစ္စတွေနဲ့ သမ္မတ ဒေါ်နယ် ထရန့် ပြဌာန်းထားတဲ့ မူဝါဒတွေကို ဆန့်ကျင်ပြီး အမေရိကန် နိုင်ငံတဝှမ်း မြို့များစွာမှာ မတ် ၂၈ ရက်က ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
“ထရန့်က ကျွန်တော်တို့ကို အာဏာရှင် တစ်ယောက်လို အုပ်ချုပ်ချင်တာပါ။ ဒါပေမဲ့ ဒါက အမေရိကန် ဖြစ်ပါတယ်။ အာဏာကို ဘုရင်လုပ်ချင်သူတွေ ဒါမှမဟုတ်သူတို့ရဲ့ ဘီလျံနာ ခရိုနီတွေပိုင်တာ မဟုတ်ဘဲ ပြည်သူတွေ ပိုင်ဆိုင်တာ ဖြစ်ပါတယ်”လို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။
အဲဒီ ဆန္ဒပြပွဲတွေဟာ ထရန့် အပေါ် သဘောကျထောက်ခံမှုတွေ ပပျောက်အောင် လုပ်ဆောင်မှုတွေ ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
ဆန္ဒပြပွဲတွေအကြောင်း ဂရုစိုက်သူတွေဟာ အဲဒီအကြောင်းတွေကို ဖော်ပြပေးဖို့ ငွေပေးခိုင်းထားတဲ့ ဂျာနယ်လစ်တွေပဲ ရှိတယ်လို့လည်း ပြောခွင့်ရက ပြောပါတယ်။
ဆန္ဒပြသူ အရေအတွက်ဟာ ဦးဆောင်သူတွေ ပြောသလို ၈ သန်းကျော် ရှိသလားဆိုတာကို အတည်မပြုနိုင်ဘူးလို့ ဘီဘီစီသတင်းဌာနက ပြောပါတယ်။
မတ် ၂၈ ရက် တစ်နေ့လုံး အမေရိကန်ရဲ့ အဓိက မြို့တွေအားလုံးမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတဝှမ်း မြို့ငယ်လေးတွေမှာလည်း ထရန့် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့သလို ပါရီနဲ့ လန်ဒန်လို အမေရိကန် ပြင်ပရှိ မြို့တွေမှာလည်း ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။
မြို့တော် ဝါရှင်တန် ဒီစီရဲ့ လမ်းမတွေပေါ်မှာ နေ့လယ်ခင်းအထိ ဆန္ဒပြသူတွေ စုဝေးခဲ့ကြပြီး မြို့တော်တဝှမ်း ချီတက်ခဲ့ကြပါတယ်။
အရင်က ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေတုန်းကလိုပဲ ဆန္ဒပြသူတွေက ထရန့်၊ ဒုသမ္မတ ဂျေဒီ ဗန့်ဇ်နဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ ပုံစံတူ အရုပ်တွေကိုင်ဆောင်ထားကြပြီး သူတို့ကို ထုတ်ပယ်ပြီး ဖမ်းဆီးပေးဖို့ တောင်းဆိုခဲ့ကြတာပါ။
ဇန်နဝါရီလတုန်းက အမေရိကန် နိုင်ငံသား နှစ်ဦးကို ဖက်ဒရယ် လူဝင်မှုကြီးကြပ်ရေး အေးဂျင့်တွေက ပစ်သတ်ခဲ့တဲ့ မင်နီဆိုတာပြည်နယ်မှာလည်း မတ် ၂၈ ရက်မှာ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပြီး လူထောင်ချီ ပါဝင်ခဲ့ကြပါတယ်။
အမေရိကန် နိုင်ငံသား နှစ်ဦး ပစ်သတ်ခံရမှုကြောင့် ထရန့် ဆန့်ကျင်သူတွေ ပိုများလာပြီး နိုင်ငံတဝှမ်း ဆန္ဒပြပွဲတွေ ပိုပြီး အားကောင်းလာခဲ့ပါတယ်။
နယူးယောက် စီးတီးမြို့မှာ ဆန္ဒပြသူတွေကြောင့် သာမန်အားဖြင့် လူအများ စည်ကားနေတတ်တဲ့ လမ်းမတွေကို ဆန္ဒပြသူတွေ ချီတက်နိုင်အောင် ရဲတပ်ဖွဲ့က ရှင်းလင်းထားခဲ့ပါတယ်။
နယူးယောက်စီးတီးမြို့ ဆန္ဒပြပွဲမှာ ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ ရောဘက် ဒီနီရို လည်းပါဝင်ခဲ့ပြီး အခုလို ထွက်လာပြီး ထရန့်ကို ဆန့်ကျင်ဆန္ဒပြရကြတာဟာ အထင်ကြီးစရာလို့ ခံစားမိကြောင်း ပြောပါတယ်။
ထရန့်ဟာ သူ့ရဲ့ နိုင်ငံရေးသမားဘဝတလျှောက်မှာ ရောဘက် ဒီနီရိုနဲ့ မကြာခဏ ပြဿနာ တက်ခဲ့ပြီး မင်းသားကြီးဟာ ညဏ်ရည်နိမ့်သူ ဖြစ်တယ်လို့ ထရန့်က မကြာသေးခင်က ပြောဆိုခဲ့ဖူးပါတယ်။
အောက်တိုဘာလက နောက်ဆုံး ပြုလုပ်ခဲ့တဲ့ ဘုရင်မရှိ ဆန္ဒပြပွဲမှာ လူ ၁ သိန်းကျော် ပါဝင်ခဲ့တယ်လို့ နယူးယောက် ရဲတပ်ဖွဲ့က ပြောဆိုခဲ့တာပါ။
ဆန္ဒပြပွဲတွေအတွင်း ပြဿနာ ကြီးကြီးမားမား မရှိခဲ့ပေမယ့် လော့စ်အန်ဂျယ်လိစ်မြို့မှာ ဥပဒေစည်းကြပ်ရေး အရာရှိတွေကို တိုက်ခိုက်မှုနဲ့ လူနှစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
Ref:BBC

