ဘန်ကောက်၊ မတ် ၃၀
လာမယ့် သင်္ကြန် အားလပ်ရက်ကာလအတွင်း လိုအပ်ချက်ပြည့်မီရေး ထောက်ပံ့ပေးဖို့ လောင်စာ အလုံအလောက်ရှိကြောင်း ထိုင်း အစိုးရက အတည်ပြုလိုက်ပါတယ်။
အာဏာပိုင်တွေက လောင်စာ ပြတ်လပ်နိုင်ခြေရှိတယ်ဆိုတဲ့ အများပြည်သူ စိုးရိမ်မှုတွေ ပြေလျော့စေရေး ကြိုးပမ်းမှုတွေကို စောင့်ကြည့်ပြီး နိုင်ငံတဝှမ်း လောင်စာ ဖြန့်ဖြူးမှု အရှိန်မြှင့် ဆောင်ရွက်နေချိန်မှာ အခုလို အတည်ပြုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အထူးသဖြင့် ခရီးသွားလာမှု အများဆုံး ကာလတွေမှာ လောင်စာ ဝယ်ယူရရှိနိုင်မှုနဲ့ ပတ်သက်လို့ အများပြည်သူရဲ့ စိုးရိမ်မှုတွေကို အစိုးရက နားလည်ကြောင်း ဝန်ကြီးချုပ်ရုံးနဲ့ ဆက်စပ်တဲ့ ဝန်ကြီး တစ်ဦးရဲ့ လက်ထောက်အရာရှိ ဖြစ်သူ မစ္စစ် ရာချာတာ ဒါနဒီရတ်က မတ် ၂၉ ရက်မှာပြောဆိုခဲ့တာပါ။
အခြေအနေကို ဝန်ကြီးချုပ် အနုတင်ကိုယ်တိုင် ကြီးကြပ်စီမံနေတယ်လို့ မစ္စစ် ရာချာတာက ဆိုပါတယ်။
ဓာတ်ဆီဆိုင်တွေမှာ လူအများကြီး တန်းစီ ပိတ်မိမနေစေရေး လက်ကားရောင်းချသူတွေဆီ တစ်နေ့ လီတာ ၇ သန်း ထောက်ပံ့ပေးပြီးတော့ လောင်စာ ဖြန့်ဖြူးမှု ပိုမိုလုံလောက်မှု ရှိစေရေး အပါအဝင် အခြေအနေကို ကိုယ်တိုင်ဖန်တီးယူနိုင်မယ့် အစီအစဉ်တွေ ချမှတ်ဆောင်ရွက်နေတယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။
ဝယ်လိုအားများတဲ့ ဒေသတွေမှာ လောင်စာတင်ကားတွေ အဆင့်သင့် ထားရှိရေး၊ လောင်စာ ဖြန့်ဖြူးရေး လုပ်ငန်းတွေအနေနဲ့ အရန်လောင်စာ ပမာဏ ပိုမိုထားရှိရေး အတွက်လည်း ထိုင်းအစိုးရက ညွှန်ကြားထားပါတယ်။
ပြည်ထဲရေးနဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနတို့ရဲ့ လမ်းညွှန်ချက်နဲ့အညီ အများပြည်သူ ပို့ဆောင်ရေး ယာဉ်တွေအတွက် အထူးလောင်စာ ဖြည့်တင်းရေး နေရာတွေလည်း စီစဉ်ထားကြောင်း သိရပါတယ်။
သန့်စင်ပြီး လောင်စာတွေ ပိုမိုမြန်ဆန်စွာ တင်သွင်းနိုင်ရေး အရန်လောင်စာ ထားရှိရေး လိုအပ်ချက်ကိုလည်း ၃ ရာခိုင်နှုန်းကနေ ၁ ရာခိုင်နှုန်းအထိ အစိုးရက လျှော့ချခွင့် ပြုထား ပါတယ်။
ဒါ့အပြင် အများပြည်သူတွေအနေနဲ့ နိုင်ငံတဝှမ်း အချိန်နဲ့တစ်ပြေးညီ လောင်စာ ရရှိနိုင်မှုကို အက်ပလီကေးရှင်းကနေတဆင့် ဒါမှမဟုတ် ဝက်ဘ်ဆိုက်ကတဆင့် စစ်ဆေးနိုင်ကြောင်း အစိုးရက အသိပေးထားပါတယ်။
အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် နောက်ထပ် လောင်စာ ဝယ်ယူရရှိနိုင်ဖို့ မသေချာတဲ့ အတွက် သန့်စင်ပြီး လောင်စာနဲ့ ရေနံစိမ်း တင်သွင်းနိုင်ရေး တခြား အရင်းအမြစ်တွေကိုလည်း အစိုးရက ရှာဖွေထားပါတယ်။
စွမ်းအင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကလည်း လောင်စာ ဝယ်ယူရရှိနိုင်ရေး သံတမန် လမ်းကြောင်းကတဆင့် ပြည်ပနိုင်ငံတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။
မေလအထိ ထိုင်းနိုင်ငံသို့ ရေနံစည်ပေါင်း ၃၆ သန်းကျော် ရောက်ရှိလာမယ်လို့ မျှော်လင့်ရပြီး ဧပြီ တစ်လတည်းအတွင်း ထိုင်းရေပြင်သို့ ရေနံစည်ပေါင်း ၂၄ သန်းကျော် ရောက်ရှိလာမှာ ဖြစ်ပါတယ်။
Ref:Bangkokpost

