မော်လမြိုင်၊ မတ်၂၉
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ မြေငလျင်ဘေးဒဏ်တွေကြောင့် လူဦးရေ ၁၂ သန်းနီးပါးဟာ ပြင်းထန်တဲ့ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က မတ်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ချင်း၊ ကချင်၊ ကယား၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်အပါအဝင် အင်အားပြင်း မြေငလျင်ဒဏ် ကြုံတွေ့ခဲ့ရတဲ့ ဒေသတွေက ပြည်သူတွေဟာ စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ရင်ဆိုင်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ်မတ်လက လှုပ်ခတ်ခဲ့တဲ့ ဖျက်အားပြင်း ငလျင်အပြီးမှာ ပြန်လည်တည်ထောင်ရေးအတွက် ရုန်းကန်နေချိန် လက်ရှိ အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် လောင်စာဆီ၊ အစားအစာနဲ့ ဓာတ်မြေဩဇာဈေးနှုန်းတွေအပေါ် ရိုက်ခတ်လာတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရှိ စစ်ကိုင်းနဲ့ မန္တလေးတွေမှာ အိမ်ထောင်စုခြောက်စုထဲမှာ တစ်စုဟာ စားနပ်ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်နေရပြီး ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုတွေဟာ မြန်မာနိုင်ငံကို အဆိုးရွားဆုံး ရိုက်ခတ်နေတယ်လို့ WFP က ဆိုပါတယ်။
ဒါအပြင် အရှေ့အလယ်ပိုင်းက ပဋိပက္ခတွေနဲ့အတူ သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းမှာ လောင်စာဆီပြတ်လပ်မှုကို ဖြစ်ပေါ်နေပြီး လောင်စာဆီဈေးနှုန်းလည်း အဆမတန်မြင့်တက်လာပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း WFP ဟာ ငလျင်ဘေးမှ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူဦးရေ ၅ သိန်းနီးပါးကို ကူညီ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး အထောက်အပံ့များ ပေးအပ်ခဲ့ပြီး လက်ရှိမှာ အရေးပေါ်ကယ်ဆယ်ရေးကနေ ရပ်ရွာအခြေခံအဆောက်အအုံတွေ ပြန်လည်ထူထောင်ရေးကို ကူးပြောင်းနေပြီလို့ ဆိုပါတယ်။
ဒါ့အပြင် WFP ဟာ နိုင်ငံတစ်ဝှမ်းရှိ လူဦးရေ ၁ ဒသမ ၅ သန်းအတွက် အသက်ကယ်အကူအညီနဲ့ ပြန်လည်ထူထောင်ရေးအထောက်အပံ့တွေအတွက် ၂၀၂၆ ခုနှစ်မှာ ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၁၅၀ လိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-WFP

