မော်လမြိုင် ၊ မတ် ၂၉

နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ စက်သုံးဆီ ရှားပါးပြတ်လပ်မှု ပြဿနာကြောင့် ကုန်သွယ်မှု ကျဆင်းပြီး နိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်း ထုတ်ကုန်တန်ဖိုး GDP တွေ ထိုးကျလာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အီရန်စစ်ပွဲကြောင့် စက်သုံးဆီတွေဟာ နိုင်ငံအတွင်း ပြီးခဲ့တဲ့ မတ်လပထမအပတ်က စတင်ကာ လိုသလောက် ဝယ်ယူလို့ မရတာ၊ အကန့်အသတ်နဲ့သာ ရရှိတာ၊ အချိန်ကြာမြင့်စွာ တန်းစီ ဝယ်ယူရတာ အပြင် စက်သုံးဆီ အရောင်းဆိုင် တွေကလည်း မကြာခဏ စက်သုံးဆီ ပြတ်လပ် လာတာပါ။

စက်သုံးဆီ အခက်အခဲကြောင့် လုပ်ငန်းတွေ လည်ပတ်တဲ့ နေရာမှာ အရင်လို ပုံမှန် မလည်ပတ်နိုင်တော့တဲ့အတွက် လုပ်ငန်းတွေ လျော့ချရတာ၊ သယ်ယူ ပို့ဆောင်ရေးတွေမှာ ထိခိုက်မှုရှိတာ အပြင် စီးပွားရေးကဏ္ဍအားလုံးမှာ ထိခိုက် နစ်နာမှုတွေ ရှိလာတာ ဖြစ်ပါတယ်။

စီးပွားရေး ပညာရှင် တစ်ဦးကတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ စက်သုံးဆီ ဂယက်ကြောင့် ရေနံတင်ပို့တဲ့ နိုင်ငံအချို့ကလွဲပြီး တစ်ကမ္ဘာလုံး ထိခိုက်မှု အမျိုးမျိုး ရှိနိုင်ပေမယ့် ဆင်းရဲတဲ့ မြန်မာလို နိုင်ငံငယ်ကတော့ ပိုခံရနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စက်သုံးဆီ ဂယက်ကြောင့် စီးပွားရေး အပေါ် ရိုက်ခတ် လာနိုင်မှုတွေကတော့ ကုန်ဈေးနှုန်း တက်တာ၊ ငွေတန်းဖိုး ကျဆင်းတာ၊ ကုန်သွယ်မှု ကျဆင်းတာ၊ ဘတ်ဂျက် လိုငွေ မြင့်တက်တာအပြင် GDP ကျဆင်း တာတွေ ကြုံရမှာပါ။ ရေနံတင်ပို့တဲ့ နိုင်ငံ အချို့က လွဲရင် တစ်ကမ္ဘာလုံး ဒီပြဿနာတွေ ကြုံရမှာပါ။ နိုင်ငံခြား အရံငွေ နည်းပါးပြီး ဆင်းရဲတဲ့ မြန်မာလို နိုင်ငံငယ် တွေကတော့ သူများထက် ပိုခံ ရနိုင်တာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ သွင်းကုန် စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာ ရေနံထွက် ပစ္စည်းတွေ ဖြစ်တဲ့ စက်သုံးဆီ၊ ဓာတ်မြေဩဇာနဲ့ ပလပ်စတစ် ပစ္စည်းတွေ ဖြစ်ပြီး လက်ရှိမှာ စက်သုံးဆီဈေးနှုန်း မြင့်တက်လာတာကြောင့် ထုတ်လုပ်မှု စရိတ်တွေပါ မြင့်တက်လာမယ်လို့ သူက ဆက်ပြောပါတယ်။

အခုလို စက်သုံးဆီ အခက်အခဲကြောင့် ထုတ်လုပ်မှု ကုန်ကျ စရိတ်တွေ မြင့်တက်လာပါက ဝယ်လိုအားတွေ ကျဆင်းလာမှာ ဖြစ်တဲ့အပြင် သယ်ယူပို့ဆောင်တဲ့ နေရာမှာလည်း အခက်အခဲ ရှိတာကြောင့် မြန်မာ့ စီးပွားရေးအပေါ် ရိုက်ခတ်မှု ကြီးမားလာနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ သဘာဝ ဓာတ်ငွေ့တွေ ထွက်ရှိတဲ့ နိုင်ငံ ဖြစ်ပြီး သဘာဝ ဓာတ်ငွေ့တွေကို စွမ်းအင်လောင်စာအဖြစ် ပြောင်းလဲ မထုတ်လုပ်ဘဲ တခြားနိုင်ငံတွေကို ကုန်ကြမ်းအနေနဲ့သာ ရောင်းချ တာကြောင့်လည်း အခုလို စက်သုံးဆီ အခက်အခဲကို ပိုမို ခံနေရတာ ဖြစ်တယ်လို့ စီးပွားရေး ပညာရှင်တွေက ဝေဖန်ပါတယ်။

လက်ရှိ စက်သုံးဆီ အခက်အခဲကြောင့် နိုင်ငံအတွင်းရှိ စီးပွားရေးကဏ္ဍအပေါ် သက်ရောက်မှု ကြီးမား နေပေမယ့် ဖြေရှင်းဖို့ မလွယ်ကူသလို အချိန်ကြာ လာတာနဲ့ အမျှ ကဏ္ဍ အသီးသီးမှာ ထိခိုက်မှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်လာနိုင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.