သရက်ချောင်း ၊ မတ် ၂၉
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် အချိန်တစ်လ ကျော်ကြာပိတ်ထားတဲ့ မြိတ်-ထားဝယ်လမ်းပိုင်း ပြန်ဖွင့်လိုက်ပြီလို့ ကုန်တင်ယာဉ်မောင်းတွေထံကနေ သိရပါတယ်။
မြိတ်-ထားဝယ်လမ်းပိုင်းကို မတ်လ ၂၈ ရက်နေ့ မနက်ပိုင်းကစလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ပြန်ဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။
မြိတ်-ထားဝယ်လမ်းပိုင်း ပြန်ဖွင့်ပေးလိုက်တာကြောင့် ပိတ်မိနေတဲ့ ခရီးသွားကား ရာနဲ့ချီ ပုံမှန်အတိုင်း ပြန်လည်သွားလာ နေကြပြီလို့ ကုန်တင်ယာဉ်မောင်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ကစလို့ သရက်ချောင်းမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ ဝင်းဝတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ စခန်းသိမ်းတိုက်ပွဲ စတင်ဆင်နွှဲကတည်းက မြိတ်-ထားဝယ်လမ်းပိုင်းကို ရက်အကန့်အသက်မရှိ ပိတ်ထားခဲ့တာပါ။
ဒါပေမယ့် ဝင်းဝတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့မှာ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနိုင်ခဲ့ပေမယ့် စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြိတ်-ထားဝယ်လမ်းပိုင်း အသုံးပြုခွင့်ကို ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ပြည်သူတွေရဲ့ တောင်းဆိုမှုကြောင့် မြိတ်-ထားဝယ်လမ်းပိုင်းကို ပြန်ဖွင့်ပေးလိုက်တာ ဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲကြောင့် မြိတ်-ထားဝယ်လမ်းပိုင်း လနဲ့ချီ လမ်းပိတ်ထားတဲ့အတွက် ကုန်ပစ္စည်း အများအပြား ပျက်စီးဆုံးရှုံးခဲ့ရပြီး ကုန်တင်ယာဉ်မောင်းတွေလည်း စားသောက်နေထိုင်ရေးအခက်ခဲကြုံခဲ့ရပြီး ခရီးသွားပြည်သူတွေကတော့ ရေလမ်းကနေ သွားလာခဲ့ကြတယ်လို့ သိရပါတယ်။
ကားလမ်းပိတ်နေတဲ့ ကာလအတွင်း ရေလမ်းကနေ ခရီးသွားရတဲ့ပြည်သူတွေနဲ့ ကားလမ်းပိတ်လို့ စောင့်ဆိုင်းနေချိန် လက်နက်ကြီးနဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

