ဆစ္စဒနီ၊ မတ် ၂၆
အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် အီရန်က လာရောက်တဲ့ ခရီးသွားဧည့်သည်တွေဟာ သူတို့ရဲ့ ကာလတို ဗီဇာ သက်တမ်းကုန်သွားပြီးနောက်ပိုင်း မိခင်နိုင်ငံပြန်သွားဖို့ ငြင်းဆိုနိုင်တဲ့ အန္တရာယ် မြင့်မားနေတဲ့အတွက် အီရန် ခရီးသွားတွေကို ပြည်ဝင်ခွင့်တားမြစ်လိုက်ကြောင်း သြစတြေးလျက မတ် ၂၆ ရက်မှာ ကြေညာပါတယ်။
လာမယ့် ခြောက်လတာအတွက် အီရန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး သြစတြေးလျမှာ အလုပ် ဒါမှမဟုတ် လာရောက်လည်ပတ်ဖို့အတွက် လာရောက်သူတွေကို ဝင်ရောက်ခွင့် တားမြစ်သွားမှာ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
အီရန် စစ်ပွဲကြောင့် ယာယီဗီဇာနဲ့ လာရောက်သူအနေနဲ့ သြစတြေးလျက ပြန်လည် မထွက်ခွာနိုင်တာ ဒါမှမဟုတ် မထွက်ခွာလိုတဲ့ အန္တရာယ်တွေ ပိုများလာနိုင်တယ်လို့ အဲဒီဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဥပမာ သြစတြေးလျ နိုင်ငံသား မိဘတွေဆီသို့ လာရောက်မှုမျိုးလို ခြွင်းချက် တချို့ကိုတော့ ခရီးသွားဧည့်သည် တစ်ဦးချင်း အခြေအနေအပေါ် မူတည်ပြီး ပြုလုပ်ပေးသွားမှာ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြား ပါတယ်။
အီရန် စစ်ပွဲ မတိုင်ခင်က ထုတ်ပေးထားတဲ့ ခရီးသွားဗီဇာတွေ အများကြီး ရှိပြီး အခုအချိန်မှာ လျှောက်ထားမယ်ဆိုရင် ထုတ်ပေးမှာ မဟုတ်ဘူးလို့ ပြည်ထဲရေးဝန်ကြီး တိုနီ ဘာကီက ပြောပါတယ်။
သြစတြေးလျမှာ နေထိုင်သူ ၈၅၀၀၀ ကျော်ဟာ အီရန်နိုင်ငံမှာ မွေးဖွားခဲ့သူတွေ ဖြစ်ကြောင်း အစိုးရရဲ့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။
ဆစ္စဒနီနဲ့ မဲလ်ဘုန်းတို့ကို အဓိကမြို့တွေမှာ အီရန် နိုင်ငံဖွားတွေ အများကြီး တွေ့ရှိနိုင်ပါတယ်။
အီရန် အမျိုးသမီး ဘောလုံးအသင်းရဲ့ ကစားသမား ၇ ဦးနဲ့ အရာရှိတွေကို သြစတြေးလျက အခုလ အတွင်း ခိုလှုံခွင့် ပေးခဲ့တာကြောင့် အီရန်ကို ဒေါသထွက်စေခဲ့ပါတယ်။
အာရှဖလားပွဲ မတိုင်ခင် အီရန် နိုင်ငံတော်သီချင်းကို သီဆိုဖို့ ငြင်းဆန်ခဲ့တာကြောင့် သူတို့ကို မိခင်နိုင်ငံမှာ သစ္စာဖောက်တွေအဖြစ် သတ်မှတ်ထားပါတယ်။
ဒီလို ပြည်ပပြိုင်ပွဲတွေ သွားရောက်ယှဉ်ပြိုင်ချိန်မှာ နိုင်ငံတော် သီချင်းကို မသီဆိုဘဲ မိခင်နိုင်ငံရဲ့ အစိုးရကို ဆန့်ကျင်တဲ့ ကစားသမားတွေ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။
သြစတြေးလျမှာ ခိုလှုံခွင့်တောင်းထားတဲ့ အီရန် ကစားသမား ၇ ဦးထဲက ၅ ဦးကတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲခဲ့တဲ့အတွက် မိခင်နိုင်ငံမှာ ကျန်နေရစ်တဲ့ သူတို့ရဲ့ မိသားစုတွေ ခြိမ်းခြောက်ခံရတာကြောင့် ဖြစ်နိုင်တယ်ဆိုတဲ့ သံသယတွေ ပိုများလာပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က အီရန်နဲ့ ဆွေးနွေးနေပြီး စစ်ပွဲ အရှိန်လျှော့ချနေတယ်လို့ ဆိုပေမယ့် အီရန်နဲ့ အစ္စရေး အပြန်အလှန် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။
အမေရိကန်က အချက် ၁၅ ချက် ပါဝင်တဲ့ ငြိမ်းချမ်းရေး အဆိုပြုချက် ပေးပို့ထားတယ်လို့ သိရပြီး အီရန်က ပြန်လည်သုံးသပ်နေပေမယ့် ညှိနှိုင်းဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ပြောထား ပါတယ်။
ဒီအတောအတွင်း အီရန် စစ်တပ်က မိမိတို့နဲ့ ဆွေးနွေးနေတယ်ဆိုတဲ့ ထရန့်ရဲ့ ပြောဆိုမှုဟာ သတင်းအမှား ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
Ref:AFP

