မော်စကို၊ မတ် ၂၆
ယူကရိန်းက ဒရုန်းနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ရုရှားရဲ့ ရေနံတင်ပို့နိုင်တဲ့ စွမ်းပကား ၄၀ ရာခိုင်နှုန်းထက်မနည်း ရပ်တန့်သွားပြီ ဖြစ်ကြောင်း ဈေးကွက် အချက်အလက်တွေကို အခြေခံထားတဲ့ ရိုက်တာ သတင်းဌာနရဲ့ လေ့လာတွက်ချက်မှုမှာ တွေ့ရပါတယ်။
အဓိက ရေနံ ပိုက်လိုင်း တစ်ခုကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ရေနံတင် သင်္ဘောတွေကို ဖမ်းဆီးနေမှုကြောင့် ရုရှားရဲ့ ရေနံ တင်ပို့နိုင်စွမ်း လျော့ကျသွားခဲ့တာ ဖြစ်ပါတယ်။
ပိုက်လိုင်းပိတ်သွားတာကြောင့် ကမ္ဘာပေါ်မှာ ဒုတိယ အများဆုံး ရေနံတင်ပို့တဲ့ ရုရှားရဲ့ ခေတ်သစ် ရာဇဝင်မှာ ရေနံ ထောက်ပံ့မှု အပြင်းထန်ဆုံး အနှောင့်အယှက် ဖြစ်သွားခဲ့ရပါတယ်။
အီရန်စစ်ပွဲကြောင့် ရေနံ တစ်စည်ကို ဒေါ်လာ ၁၀၀ကျော်ချိန်မှာ ရုရှား တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။
ရုရှားရဲ့ ရေနံ ထုတ်လုပ်ရောင်းချမှုဟာ နိုင်ငံ ဘက်ဂျက်အတွက် အဓိက ဝင်ငွေ အရင်းအမြစ်တွေထဲက တစ်ခု ဖြစ်ပြီး ဒေါ်လာ ၂ ဒသမ ၆ ထရီလီယံ တန်ဖိုးရှိတဲ့ သူတို့ရဲ့ စီးပွားရေးအတွက် အဓိကကျပါတယ်။
ရုရှားရဲ့ ရေနံနဲ့ လောင်စာ တင်ပို့မှုဆိုင်ရာ အခြေခံ အဆောက်အဦတွေကို ယူကရိန်းက အခုလအတွင်း ဒရုန်းတွေနဲ့ အရှိန်မြှင့် တိုက်ခိုက်ခဲ့တာကြောင့် ရုရှားရဲ့ အဓိကကျတဲ့ အနောက်ပိုင်းရှိ ရေနံတင်ပို့မှု ဆိပ်ကမ်းသုံးခုစလုံး လည်ပတ်မှု ရပ်တန့်သွားခဲ့ပါတယ်။
ရိုက်တာသတင်းဌာနရဲ့ လေ့လာ တွက်ချက်မှုအရ ရုရှား ရေနံစိမ်း တင်ပို့မှု စွမ်းပကား ၄၀ ရာခိုင်နှုန်းလောက် ဒါမှမဟုတ် တစ်ရက်ကို ရေနံစည်ပေါင်း ၂ သန်းလောက် မတ် ၂၅ ရက် အထိ တင်ပို့နိုင်မှု မရှိတော့ဘူးလို့ သိရပါတယ်။
ယူကရိန်း တိုက်ခိုက်ခဲ့တဲ့ ပိုက်လိုင်းတွေထဲမှာ ယူကရိန်းကို ဖြတ်ပြီး ဟန်ဂေရီနဲ့ စလိုဗက်ကီးယားသို့ သွယ်တန်းထားတဲ့ ပိုက်လိုင်းတွေ ပါဝင်ပါတယ်။
ယူကရိန်းက ပိုက်လိုင်းသို့ ရေနံပို့တဲ့ စက်ရုံတွေနဲ့ သန့်စင်ရေး စက်ရုံတွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။
မော်စကိုရဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ကနေ ရရှိနေတဲ့ ဝင်ငွေ လျော့ပါးသွားစေဖို့ ရည်ရွယ် တိုက်ခိုက်တာ ဖြစ်တယ်လို့ ယူကရိန်းက ပြောပါတယ်။
အဲဒီ ဝင်ငွေဟာ ရုရှား နိုင်ငံတော် ဝင်ငွေရဲ့ လေးပုံ တစ်ပုံလောက်ရှိပြီး သူ့ရဲ့ စစ်အင်အားကို အားနည်းသွားစေမှာ ဖြစ်ပါတယ်။
ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေဟာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပြီး လုံခြုံရေး တင်းကြပ်ထားတယ်လို့ ရုရှားက ပြောပါတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုများကြောင့် ဇန်နဝါရီလကုန်က ဒီရုဇ်ဘာပိုက်လိုင်း တစ်စိတ်တစ်ပိုင်း ပျက်စီးသွားခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။
စလိုဗက်ကီးယားနဲ့ ဟန်ဂေရီတို့က ရေနံ တင်ပို့မှု ချက်ချင်း ပြန်စတင်ရေး ယူကရိန်းကို တောင်းဆိုထားပါတယ်။
ဥရောပမှာ ရုရှားနဲ့ ဆက်စပ်တဲ့ ရေနံတင်သင်္ဘောတွေ မကြာခဏ ဖမ်းဆီးခံနေရတာကြောင့်လည်း ရုရှား ဆိပ်ကမ်းက ထွက်လာတဲ့ အာတိတ် ရေနံ တင်ပို့မှု စည်ပေါင်း ၃ သိန်း အထိ အနှောင့်အယှက် ဖြစ်ခဲ့ရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
အနောက်ဖက်စူးစူးသို့ ရေနံ တင်ပို့မှု လမ်းကြောင်း အနှောင့်အယှက် ဖြစ်နေချိန် မော်စကို အနေနဲ့ ရုရှား ဈေးကွက်တွေဆီ တင်ပို့ရေး အဓိကထားရမှာ ဖြစ်ပေမယ့် တင်ပို့နိုင်စွမ်းကြောင့် အဲဒီ လမ်းကြောင်းတွေဆီ တင်ပို့နိုင်မှုလည်း အကန့်အသတ်တွေ ရှိနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ဒီအတောအတွင်း တရုတ်သို့ ရုရှားရေနံ တင်ပို့မှုလမ်းကြောင်း အနှောင့်အယှက် မဖြစ်ဘဲ ဆက်လက်ပို့ ဆောင်လို့ရနေတယ်လို့ သိရပါတယ်။
Ref:Reuters

