တိုကျို၊ မတ် ၂၆

မိမိတို့ရဲ့ ဗျူဟာမြောက် သိမ်းဆည်းထားတဲ့ နိုင်ငံတော် အရန် ရေနံရဲ့ နောက်ထပ် တစ်စိတ်တစ်ပိုင်းကို မတ် ၂၆ ရက်မှာ စတင် ထုတ်ဝေပြီ ဖြစ်ကြောင်း ဂျပန်အစိုးရက ပြောပါတယ်။

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဈေးနှုန်းမြင့်တက်လာတဲ့အတွက် စွမ်းအင် နည်းပါတဲ့ ဂျပန် အပေါ် ရိုက်ခတ်မှုတွေ လျော့နည်းစေဖို့ အစိုးရက စီစဉ်ဆောင်ရွက်နေပါတယ်။

ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ငါးပုံတစ်ပုံ ဖြတ်သန်းရာ ဟောမု့ဇ် ရေလက်ကြားကို အီရန်က ဖေဖော်ဝါရီ ၂၈ ရက် စစ်ပွဲ စတင်ကတည်းက ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

ဂျပန်မှာ ရေနံ ပဉ္စမ အများဆုံး တင်သွင်းတဲ့ နိုင်ငံဖြစ်ပြီး သူတို့အတွက် လိုအပ်တဲ့ ရေနံ စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းကို အရှေ့အလယ်ပိုင်းကနေ တင်သွင်းနေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော် အရန်ရေနံတွေကို မတ် ၂၆ ရက် မနက် ၁၀ နာရီ ၅၉ မိနစ်ကတည်းက ရေနံသန့်စင်ရေး လုပ်ငန်းတွေဆီ စတင် ပေးဝေနေကြောင်း စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ စက်မှု ဝန်ကြီးဌာန အရာရှိ တစ်ဦး ဖြစ်တဲ့ ကာနာမီ မိုရီမိုတိုက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

ရေနံသန့်စင်ရေး ကုမ္ပဏီလေးခုဆီသို့ အရန်သိုလှောင်ထားရာနေရာ ထက်ဝက်ဆီကနေ ရေနံတွေကို မတ် ၂၆ ရက်မှာ စတင်ပေးဝေဖို့ စီစဉ်ထားတယ်လို့ အစိုးရ ထိပ်တန်း ပြောရေးဆိုခွင့်ရှိသူ မီနိုရူ ကီဟာရာက ဆိုပါတယ်။

ပုဂ္ဂလိကကဏ္ဍ အရန်လောင်စာ ၁၅ ရက်စာကို အရာရှိတွေက စတင် ထုတ်ဝေခဲ့ပြီးနောက် အစိုးရ သိုလှောင်ထားတဲ့ တစ်လစာ လောင်စာတွေကို ထုတ်ဝေသွားမှာ ဖြစ်ကြောင်း ဂျပန်အစိုးရက အခု သီတင်းပတ်အတွင်း ပြောကြားခဲ့ပြီးနောက် အရာရှိမိုရီမိုတိုက အခုလိုမျိုး တုံ့ပြန် ပြောဆိုလာတာပါ။

ပြီးခဲ့တဲ့ မတ် ၂၅ ရက်အထိ ဂျပန်နဲ့ ဆက်စပ်တဲ့ သင်္ဘော ၄၅ စီးနဲ့အတူ ဂျပန် ပို့ဆောင်ရေး ဝန်ထမ်း ၂၄ ဦးလည် ပါရှားပင်လယ်ကွေ့မှာ ပိတ်မိနေတယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

ဟောမု့ဇ် ရေလက်ကြား ပြန်လည် ဖွင့်လှစ်ရေး အစိုးရက ကူညီပေးဖို့ မိမိတို့ အခိုင်အမာ တောင်းဆိုထားကြောင်း ဂျပန် သင်္ဘောပိုင်ရှင်များ အဖွဲ့အစည်း ဥက္ကဋ္ဌ ဟီတိုရှီ နာဂါဆာဝါက မတ် ၂၅ ရက်က သတင်းထောက်တွေကို ပြောထားပါတယ်။

အဲဒီ ရေလမ်းကြောင်းကို ရန်သူတွေအတွက်ပဲ ပိတ်ထားတာ ဖြစ်တယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက အခုသီတင်းပတ်အတွင်း ပြောထားပါတယ်။

လုံခြုံရေး ဘေးကင်းရေး စည်းကမ်းတွေနဲ့ ကိုက်ညီရင် ရန်သူမဟုတ်တဲ့ သင်္ဘောတွေ ဟောမု့ဇ် ရေလက်ကြားက ဖြတ်သန်းနိုင်တယ်လို့ အီရန်က နိုင်ငံတကာ ရေကြောင်းအဖွဲ့အစည်းအားလည်း အသိပေးထားပြီး ဖြစ်ပါတယ်။

နိုင်ငံတကာ စွမ်းအင် အေဂျင်စီက လိုအပ်ရင် နောက်ထပ် အရန်ရေနံတွေ ထုတ်ဝေဖို့ ခွင့်ပြု ပေးသွားမှာ ဖြစ်ကြောင်း မတ် ၂၅ ရက်မှာ ပြောထားပါတယ်။

Ref: AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.