ဆာမွတ်ဆာခွန် ၊ မတ် ၂၆

အီရန် စစ်ပွဲကြောင့် ဒီဇယ်ဈေးမြင့်တက်လာတဲ့အတွက် ထိုင်းနိုင်ငံရဲ့ ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ ငါးဖမ်းလုပ်ငန်းနယ်ပယ်ဟာ အစိုးရ ကြားဝင် မဖြေရှင်းပေးရင် ရပ်တန့်သွားတော့မှာ ဖြစ်ပါတယ်။

လောင်စာဈေးနှုန်း မြင့်တက်လာမှုကြောင့် ငါးဖမ်းလှေတွေအနေနဲ့ ရက်ပိုင်းအတွင်း မောင်းနှင်နိုင်တော့မှာ မဟုတ်ဘူးလို့ ငါးဖမ်းသမားတွေက သတိပေးထားပါတယ်။

ထိုင်းပယ်လယ်ကွေ့ ကမ်းရိုးတန်းတလျှောက် အလယ်ပိုင်းပြည်နယ်ရှိ ထိုင်းရဲ့ အကြီးမားဆုံး ငါးဖမ်းဆိပ်ကမ်းမှာ ပိုက်ဆွဲငါးဖမ်းသင်္ဘော ထက်ဝက်ကျော်ကို ရပ်နားထားရပြီး လုပ်ငန်းလည်ပတ်နေဆဲ သင်္ဘောတွေလည်း ရက်ပိုင်းအတွင်း ရပ်တန့်ရဖွယ်ရှိနေတယ်လို့ ဆာမွတ်ဆာခွန် ငါးရောင်းဝယ်ရေး အဖွဲ့အစည်း ဥက္ကဋ္ဌ ဂျမ်ပိုလ် ကာနာဝါရီက ပြောပါတယ်။

ငါးဖမ်းသမားတွေအနေနဲ့ သူတို့ရဲ့ ဝန်ထမ်းတွေ မိသားစုတွေရဲ့ ကုန်ကျစရိတ်ကာမိစေဖို့ တတ်နိုင်တော့မှာ မဟုတ်တဲ့အတွက် ငါးဖမ်းလှေတွေ မထွက်နိုင်တော့တာကြောင့် ဧပြီ ၁ ရက်နောက်ပိုင်း ဘာငါးမှရောင်းပေးနိုင်ဖို့ မရှိ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

၂၀၁၄ ခုနှစ်အတွင်း ထိုင်းက အမေရိကန်၊ ဂျပန်နဲ့ တရုတ် အပါအဝင် နိုင်ငံ တော်တော်များများဆီ ဒေါ်လာ ၇ ဘီလီယံ တန်ဖိုးရှိတဲ့ ရေထွက်ကုန်တွေကို တင်ပို့ခဲ့ကြောင်း အစိုးရ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။

ထိုင်း ရေလုပ်ငန်းဌာနက ဒီအခြေအနေနဲ့ ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ တောင်းဆိုတာကို ပြန်လည် ဖြေကြားမှု မရှိဘူးလို့ ရိုက်တာ သတင်းဌာနက ပြောပါတယ်။

ထိုင်း ဘဏ္ဍာရေးဝန်ကြီးကတော့ ငါးဖမ်းသမားတွေကို ထောက်ပံ့မယ့် အစီအစဉ်တွေ ပြင်ဆင်နေတယ်လို့ မတ် ၂၅ ရက်မှာ ပြောထားပါတယ်။

ထိုင်းမှာ အရန်ရေနံ ရက် ၁၀၀ စာ ရှိတယ်လို့ အရာရှိတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

အစိုးရရဲ့ ထောက်ပံ့မှုတွေ အဆုံးသတ်သွားခဲ့ပြီးနောက် မတ် ၂၆ ရက်မှာ ထိုင်းဒီဇယ်ဈေးဟာ တစ်လီတာကို ၃၈ ဒသမ ၉၄ ဘတ်အထိ မြင့်တက်ခဲ့ပါတယ်။

အီရန် စစ်ပွဲ မစတင်ခင် ဖေဖော်ဝါရီက ထိုင်းမှာ ဒီဇယ် တစ်လီတာကို ၂၉ ဒသမ ၉၄ ဘတ်ပဲ ကျသင့်ခဲ့တာ ဖြစ်ပါတယ်။

ဒီဇယ်ဈေး တစ်လီတာကို ဘတ် ၄၀ အထိ မြင့်တက်လာရင် သင်္ဘောတွေ ငါးဖမ်းထွက်လို့ ရတော့မှာ မဟုတ်ဘဲ ငါးဖမ်းလှေ အလုပ်သမား တချို့ လောင်စာချွေတာဖို့ သူတို့ရဲ့ ခရီးစဉ်တွေကို ညှိနှိုင်းနေရပြီး ဖြစ်တယ်လို့ ငါးဖမ်းသမား ဘွန်ချို လွန်လေးက ပြောပါတယ်။

လောလောဆယ်မှာ ငါးဖမ်းလှေတွေ၊ သင်္ဘောတွေ လောင်စာ ချွေတာနေရတာကြောင့် ငါးအရ နည်းနေတယ်လို့ ဘွန်ချိုက ပြောဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.