ဝါရှင်တန်၊ မတ် ၂၇
အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က အီရန် စွမ်းအင်စက်ရုံတွေကို တိုက်ခိုက်ဖို့ သတ်မှတ်ထားတဲ့ နောက်ဆုံးရက်ကို ဧပြီ ၆ ရက်အထိ နောက်ဆုတ်လိုက်တယ်လို့ မတ် ၂၆ ရက်မှာပြောလိုက်ပါတယ်။
ဒါက အီရန်ရဲ့ တောင်းဆိုမှုကြောင့် ဖြစ်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေ အရမ်း အခြေအနေကောင်းတယ်လို့ ထရန့်က ဆိုပါတယ်။
အမေရိကန် ငြိမ်းချမ်းရေး အစီအစဉ်ကို အီရန်က အေးစက်စက် တုံ့ပြန်ထားပေမယ့် အရှေ့အလယ်ပိုင်းစစ်ပွဲ အဆုံးသတ်ရေး သဘောတူညီချက်ရရှိဖို့ သူ့အနေနဲ့ အသည်းအသန်လိုချင်နေပြီ ဆိုတဲ့ ပြောဆိုမှုတွေကို ထရန့်က ပယ်ချထားပါတယ်။
“ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေပါတယ်။ သတင်းမီဒီယာ အတုတွေနဲ့ တခြားအဖွဲ့အစည်းတွေက ပြောင်းပြန်အနေနဲ့ မှားယွင်းတဲ့ ဖော်ပြချက်တွေ ရှိနေပေမယ့် ဆွေးနွေးမှုတွေ အရမ်းကောင်းပါတယ်” လို့ ထရန့်က လူမှုမီဒီယာမှာ ဖော်ပြထားပါတယ်။
အရေးပါတဲ့ ဟောမု့ဇ် ရေလက်ကြား ဖွင့်လှစ်ရေး ထရန့်က အီရန်ကို ကနဦးမှာ အချိန် ၄၈ နာရီ ပေးခဲ့ပြီး အီရန် စွမ်းအင်စက်ရုံတွေကို တိုက်ခိုက်ဖျက်ဆီးပစ်မယ်လို့ မတ် ၁၄ ရက်မှာခြိမ်းခြောက်ခဲ့တာပါ။
ဒါပေမဲ့ အခုတော့ သူက အဲဒီနောက်ဆုံးသတ်မှတ်ချိန်ကို နှစ်ကြိမ်တိုင် နောက်ဆုတ်ထားပြီး ဖြစ်ပါတယ်။
အီရန် အစိုးရရဲ့ ပန်ကြားချက်အရ စွမ်းအင်စက်ရုံတွေကို ဖျက်ဆီးပစ်မယ့် အစီအစဉ် ရပ်ဆိုင်းထားမှုကို ဧပြီ ၆ ရက် အရှေ့တိုင်းစံတော်ချိန် ညနေ ၈ နာရီအထိ နောက်ဆတ်လိုက်တယ်လို့ ထရန့် ပြောပါတယ်။
အီရန်က ညှိနှိုင်းဖို့ အသင့်ရှိတယ်ဆိုတဲ့ အားကောင်းတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ ထရန့်ရဲ့ ကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်က စောစောပိုင်းက အစိုးရ အဖွဲ့ကို ပြောကြားခဲ့ပါတယ်။
ဝါရှင်တန် အစိုးရက အချက် ၁၅ ချက်ပါ အရေးယူ ဆောင်ရွက်ရေး စာရင်းကို ပါကစ္စတန် အရာရှိတွေကတဆင့် တီဟီရန် အစိုးရဆီသို့ ပေးပို့ခဲ့တယ်လို့လည်း စတိဗ် ဝစ်ကော့ဖ်က ပထမဆုံးအကြိမ်အနေနဲ့ လူသိရှင်ကြား အတည်ပြုထားပါတယ်။
ဒီအတောအတွင်း အီရန် သတင်းဌာန Tasnim က အမေရိကန်ရဲ့ အချက် ၁၅ ရက် အဆိုပြုချက်နဲ့ ပတ်သက်တဲ့ အီရန်ရဲ့ တုံ့ပြန်မှုကို ကြားခံနိုင်ငံကတဆင့် ပြီးခဲ့တဲ့ညက တရားဝင် ပေးပို့လိုက်ကြောင်းနဲ့ အီရန်က တစ်ဖက်ရဲ့ တုံ့ပြန်မှုကို စောင့်ဆိုင်းနေတယ်လို့ ဖော်ပြထားပါတယ်။
အီရန်က တုံ့ပြန်ရာမှာ အီရန်နဲ့ ဒေသတွင်းရှိ အီရန် ထောက်ပံ့ထားတဲ့ တခြား အဖွဲ့တွေအပေါ် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်ရေးနဲ့ တခြား အချက်တွေ ပါဝင်တယ်လို့ အဲဒီ သတင်းမှာ ဖော်ပြထားပါတယ်။
စစ်လျော်ကြေးပေးရမှာ ဖြစ်ပြီး ဟောမု့ဇ် ရေလက်ကြားအပေါ် အီရန် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို လေးစားရမှာ ဖြစ်ကြောင်း အီရန်က တောင်းဆိုထားတယ်လို့လည်း အဲဒီ သတင်းဌာနက ဖော်ပြထားပါတယ်။
အိမ်ဖြူတော်မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုအတွင်း ထရန့်က အီရန်ကို လုံးဝ နလန်မထူနိုင်အောင် လုပ်ပစ်မယ်လို့ ပြောကြားပြီး ဗင်နီဇွဲလားကို လုပ်ခဲ့သလိုပဲ အီရန် ရေနံတွေကို ထိန်းချုပ်နိုင်ခြေ ရှိတယ်လို့လည်း ပြောပါတယ်။
အီရန်ဟာ မစင်ထွက်ကျလောက်အောင် ရှုံးနိမ့်သွားပြီ ဖြစ်တာကြောင့် သဘောတူညီမှု တစ်ရပ် ရရှိရေး အသည်းအသန် အလိုရှိနေတယ်လို့ ထရန့်က ပြောဆိုထားပါတယ်။
Ref:Agencies

