ဘန်ကောက်၊ မတ် ၂၇

လောင်စာဈေးနှုန်း မြင့်တက်မှုကြောင့် အိမ်ထောင်စုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ရိုက်ခတ်မှု ပြေလျော့စေရေး ရည်ရွယ်တဲ့ အစီအစဉ်တွေ တော်တော်များများကို ထိုင်းယာယီ အစိုးရအဖွဲ့က မတ် ၂၆ ရက်မှာ ခွင့်ပြုလိုက်ပါတယ်။

အစိုးရ ခွင့်ပြုလိုက်တဲ့ အစီအစဉ်တွေထဲမှာ လူမှုဖူလုံရေးကတ်တွေကို ငွေဖြည့်ပေးတာကနေ အသေးစားလုပ်ငန်းတွေအတွက် အတိုးနှုန်း သက်သက်သာသာနဲ့ ချေးငွေထုတ်ပေးတဲ့ အစီအစဉ်တွေအထိ သက်သာချောင်ချိရေး အစီအစဉ်တွေ အများကြီး ပါဝင်ပါတယ်။

ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် လာဗရွမ် ဆန်နစ်က အဲဒီ အစီအစဉ် အသေးစိတ်ကို ကြေညာခဲ့တာပါ။

လက်လီ လောင်စာဆီဈေး ၁၄ ရာခိုင်နှုန်းကနေ ၂၂ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီးနောက် အစိုးရအဖွဲ့ ဝန်ကြီးတွေ အထူးအစည်းအဝေး တစ်ရပ်ကျင်းပရာကနေ အခုလို အစီအစဉ်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

လောင်စာအခွန် လျှော့ချရေး နည်းလမ်းတွေကိုလည်း သုံးသပ်ဖို့ ထိုင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

ရေနံလောင်စာ ရန်ပုံငွေအဖွဲ့က ထောက်ပံ့ကြေးတွေ လျှော့ချခဲ့ရပြီးနောက် အခွန်လျှော့ချရေးဟာ နည်းနည်းလေးပဲ ကျန်ရှိတော့တဲ့ နည်းလမ်းတွေထဲက တစ်ခု ဖြစ်လာပါတယ်။

အစိုးရဟာ လက်ရှိမှာ အိမ်စောင့်အစိုးရ သဘောဖြစ်နေတာကြောင့် အဆိုပြုချက်တွေကို ရွေးကောက်ပွဲ ကော်မရှင်က ပထမဆုံး ခွင့်ပြုပေးရမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုပြီးတာနဲ့ အဲဒီ အစီအစဉ်တွေ ချက်ချင်း အသက်ဝင်လာမှာ ဖြစ်တယ်လို့ မစ္စတာ လာဗရွမ်က ပြောပါတယ်။

ဝင်ငွေနည်း မိသားစုတွေအတွက် လူမှုဖူလုံရေး ကတ်တွေမှာ တစ်လကို ဘတ် ၁၀၀ ထပ်မံ ထည့်ပေးသွားမှာ ဖြစ်တာကြောင့် လစဉ်ခွင့်ပြုငွေဟာ ဘတ် ၃၀၀ ကနေ ၄၀၀ ဖြစ်လာမှာ ဖြစ်ပါတယ်။

လူမှုဖူလုံရေးကတ်တွေကို ငွေဖြည့်ပေးဖို့အတွက် အစိုးရက ဘတ် ၁၃ ဘီလီယံကျော် လျထားပြီး ဖြစ်ပါတယ်။

လူမှုဖူလုံရေး ထောက်ပံ့စရိတ် တိုးမြှင့်ပေးမှုကို တစ်လကြာပြီးနောက် အစိုးရက စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။

အစိုးရအဖွဲ့ ခွင့်ပြုလိုက်တဲ့ အစီအစဉ်တွေထဲမှာ လယ်သမားများအတွက် ဓာတ်မြေသြဇာ ကုန်ကျစရိတ် လျှော့ချရေး အထောက်အကူပြုမယ့် အစီအစဉ်၊ သွင်းကုန်တွေအပေါ် မှီခိုနေရမှု လျှော့ချရေး အစီအစဉ်လည်း ပါဝင်ပါတယ်။

ထိုင်းဟာ သူတို့ အတွက် လိုအပ်တဲ့ ဓာတ်မြေသြဇာ ထက်ဝက်လောက်ကို အရှေ့အလယ်ပိုင်းက တင်းသွင်းနေတာ ဖြစ်ပါတယ်။

အခု အစီအစဉ်က လယ်သမားတွေရဲ့ ဓာတ်မြေသြဇာအတွက် ကုန်ကျစရိတ်တွေကို လျှော့ချရေး၊ သဘာဝ ဓာတ်မြေသြဇာ သုံးစွဲမှု ပိုများလာစေရေးအတွက် ဖြစ်တယ်လို့ သိရပါတယ်။

စီးပွားဖြစ် ငါးဖမ်းလုပ်ငန်းတွေမှာ ဇီဝလောင်စာ အသုံးပြုရေး တိုက်တွန်းသွားမှာ ဖြစ်ပြီး သူတို့ရဲ့ လောင်စာအတွက် ကုန်ကျမှုကို တစ်လီတာ ၅ ဘတ်ကနေ ၆ ဘတ်အထိ သက်သာစေလိမ့်မယ်လို့ အစိုးရက ပြောပါတယ်။

ကုန်ကျစရိတ် မြင့်တက်လာတဲ့အတွက် နစ်နာကြေးပေးမှုတွေကို တစ်ခုချင်း စဉ်းစားပြီး ငှားထားတဲ့ အလုပ်သမားတွေအတွက် စုံစမ်းစစ်ဆေးရေး ကာလ တိုးမြှင့်ဖို့ အစိုးရ အေဂျင်စီတွေကို ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။

အစိုးရ ငွေစုဘဏ်ကလည်း အသေးစား လုပ်ငန်းတွေအတွက် အတိုးနှုန်း သက်သာတဲ့ ငွေတွေ ထုတ်ချေးနိုင်ရေး ဘတ် ၁၀ ဘီလီယံ သုံးစွဲသွားမှာ ဖြစ်ပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.