ဆစ္စဒနီ၊ မတ် ၂၇

သြစတြေးလျမှာ လောင်စာဆီဈေး မြင့်တက်နေချိန် အလုအယက် ဝယ်ယူမှုများ ရှိနေပြီး ဆီဆိုင်တွေမှာ ဆီပြတ်လပ်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် ဝန်ကြီးချုပ် အန်ထိုနီ အယ်လ်ဘာနိစ်က ထောက်ပံ့မှု လုံလောက်နေဆဲ ဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။

ဒီစစ်ပွဲ ရှည်ကြာနေသမျှ သက်ရောက်မှုတွေက ကြီးမားနေဦးမှာပါပဲ။ ဒါပေမဲ့ သြစတြေးလျနိုင်ငံသားတွေ အဆိုးဆုံး ဒဏ်မခံရအောင် ကြိုတင်ပြင်ဆင်မှုတွေ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်လို့ ဝန်ကြီးချုပ် အယ်လ်ဘာနိစ်က သတင်းထောက်တွေကို မတ် ၂၇ ရက်မှာ ပြောပါတယ်။

ကုန်ကား မောင်းသူတွေနဲ့ တခြားယာဉ်မောင်းတွေ သွားလာဖို့ မရဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး လောင်စာအတွက် ကုန်ကျစရိတ် မြင့်မားမှုကြောင့် စီးပွားရေး လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။

ဝယ်လိုအားနဲ့ ဖြန့်ဖြူးမှု ပြဿနာတွေကြောင့် လောင်စာပြတ်လပ်မှု ဖြစ်ပေါ်တာ ဖြစ်ပြီး ထောက်ပံ့မှုကြောင့် မဟုတ်ဘူးလို့ အစိုးရက ပြောပါတယ်။

သြစတြေးလျမှာ လောင်စာဆီ ထောက်ပံ့မှုဟာ အီရန် စစ်ပွဲ မစတင်ခင်ကအတိုင်း ဆက်ရှိနေဆဲ ဖြစ်တယ်လို့ အစိုးရက ပြောပါတယ်။

လာမယ့် သီတင်းပတ် အနည်းငယ်အထိ ဓာတ်ဆီနဲ့ ဒီဇယ် ထောက်ပံ့မှု အတူတူပဲ ရှိနေမှာဖြစ်ကြောင်း စွမ်းအင်ဝန်ကြီး ခရစ် ဘိုဝမ်က သတင်းထောက်တွေကို ပြောပါတယ်။

ကွင်းစလန်းပြည်နယ် ကာရင်းစ်မြို့မှာ ဒီဇယ်နဲ့ ဓာတ်ဆီဈေးဟာ အီရန် စစ်ပွဲမစခင်ကထက် ၈၅ ရာခိုင်နှုန်း မြင့်တက်နေပါတယ်။

သြစတြေးလျရဲ့လူနေ အထူထပ်ဆုံး ပြည်နယ်ဖြစ်တဲ့ နယူးဆောက်သ်ဝေးလ်မှာ လက်လီ အရောင်းဆိုင် ၇ ဆိုင်မှာ ၁ ဆိုင်ဟာ လောင်စာဆီ တစ်မျိုးမျိုး ပြတ်လပ်နေပါတယ်။

အမေရိကန်နဲ့ အစ္စရေးက အီရန်ကို တိုက်ခိုက်ပြီး ဟောမု့ဇ် ရေလက်ကြားပိတ်သွားပြီး ကတည်းက သြစတြေးလျမှာ လောင်စာဈေးနှုန်း ဆက်တိုက် မြင့်တက်လာခဲ့တာပါ။

ဓာတ်ဆီ လက်လီ တစ်လီတာ ပျမ်းမျှဈေးဟာ စောစောပိုင်း သီတင်းလေးပတ်က သြစတြေးလျဒေါ်လာ ၁၇၁ ပြားရှိခဲ့ရာက မတ် ၂၂ ရက်မှာ ၂၃၈ ပြားအထိ မြင့်တက်လာခဲ့ပါတယ်။

ဒီဇယ်ဈေးနှုန်းလည်း စံချိန်တင် မြင့်တက်လာတယ်လို့ သြစတြေးလျ လမ်းနဲ့ ယာဉ်မောင်းများအဖွဲ့က ပြောပါတယ်။

လောင်စာပြဿနာ ဖြေရှင်းရေး ဝန်ကြီးချုပ် အယ်လ်ဘာနိစ်က မတ် ၃၀ ရက်မှာ အရေးပေါ် အစည်းအဝေး တစ်ရပ် ခေါ်ယူထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.