အီရန် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရာ နေရာကို ဆက်လက်တိုက်ခိုက်နေတယ်လို့ အစ္စရေး ပြော

ဂျေရုစလင်၊ မတ် ၂၀

အီရန်ရှိ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရာနေရာကို မိမိတို့ တစ်နိုင်ငံတည်း ဆက်လက် တိုက်ခိုက်နေတယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားပြီးနောက် အီရန် မြို့တော် တီဟီရန်နဲ့ ဂျေရုစလင်မှာ ပေါက်ကွဲသံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆော်ဒီအာရေးဗီးယားနဲ့ ဘာရိန်းတို့လည်း ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရပေမယ့် ကြားဖြတ် တားဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကာတာရှိ သဘာဝဓာတ်ငွေ့အရည် ထုတ်လုပ်ရာ နေရာကို အစ္စရေးက တိုက်ခိုက်ခဲ့တာကြောင့် မိမိတို့ရဲ့ ထုတ်လုပ်နိုင်စွမ်း ၁၇ ရာခိုင်နှုန်း ထိခိုက်နေပြီ ဖြစ်ကြောင်း ကာတာ စွမ်းအင်ဝန်ကြီးက ပြောပါတယ်။

အီရန် နိုင်ငံခြားရေးဝန်ကြီးက မိမိတို့ရဲ့ အခြေခံ အဆောက်အဦတွေကို ထပ်ပြီး တိုက်ခိုက်မယ်ဆိုရင် လုံးဝ ထိန်းချုပ်မှု မရှိဘဲ လက်တုံ့ပြန်မယ်လို့ မတ် ၂၀ ရက်က ခြိမ်းခြောက်ထား ပါတယ်။

အီရန်ရဲ့ စွမ်းအင် အများစု ထုတ်လုပ်ရာ ကားချ်ကျွန်းကို ထိန်းချုပ်နိုင်ရေး အမေရိကန်က စီစဉ်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

အမေရိကန်က အီရန်သို့ မြေပြင်တပ်ဖွဲ့ဝင် ထောင်နဲ့ချီ ချထားဖို့လည်း စီစဉ်နေပြီး အမေရိကန် နိုင်ငံသား အများစုက ထောက်ခံမှု မရှိဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထား ပါတယ်။

အမေရိကန်အနေနဲ့ အီရန်ရဲ့ စွမ်းအင် အဓိက ထုတ်လုပ်ရာနေရာကို တိုက်ခိုက်ဖျက်ဆီး ပစ်မယ့်အစား ထိန်းချုပ်သင့်တယ်လို့ စွမ်းအင်ဈေးကွက် ပညာရှင်တွေက ပြောထားပါတယ်။

အီရန်ရဲ့ ကမ္ဘာ့အကြီးမားဆုံး သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရာ ဆောက်သ်ပါ့စ်ဒေသကို အစ္စရေးက ထပ်ပြီး တိုက်ခိုက်တော့မှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောပြီးနောက်မှာ အစ္စရေးက သူတို့ တစ်နိုင်ငံတည်း ဆက်တိုက်နေတယ်လို့ ပြောဆိုလာတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် နေတန်ညာဟုက သူ့အနေနဲ့ အီရန် စစ်ပွဲထဲ ထရန့်ကို ဆွဲသွင်းခေါ်မှာ မဟုတ်ဘူးလို့လည်း ပြောဆိုထားပါတယ်။

ဒီအတောအတွင်း ဗြိတိန်နဲ့ ဥရောပမှာ လောင်စာဈေးနှုန်းတွေ မြင့်တက်လာပြီး အာရှ နိုင်ငံ တချို့မှာ လောင်စာ ပြတ်လပ်တော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေကြရပါတယ်။

အီရန်ကြောင့် အရမ်း အန္တရာယ်များတဲ့ တင်းမာမှု အရှိန်မြင့်တက်လာရတယ်လို့ ကာတာ ဝန်ကြီးချုပ်က ပြောပါတယ်။

အရှေ့အလယ်ပိုင်းဒေသရှိ စွမ်းအင် ထုတ်လုပ်ရာနေရာတွေကို တိုက်ခိုက်နေမှုတွေဟာ လက်မခံနိုင်စရာ ကိစ္စ ဖြစ်တယ်လို့ အိန္ဒိယကလည်း ပြောထားပါတယ်။

အီရန် စစ်ပွဲကြောင့် စွမ်းအင် ပြတ်တောက်နိုင်တဲ့ အိန္ဒိယအနေနဲ့ ရုရှား ရေနံတွေ ဝယ်ယူရရှိနိုင်ရေး အမေရိကန်က တားမြစ်မှု တချို့ ဖြေလျှော့ထားပါတယ်။

ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက မိမိတို့အနေနဲ့ အီရန်ရဲ့ တိုက်ခိုက်မှုတွေကို ကြားဖြတ် တားဆီးနေရတာကြောင့် အများပြည်သူတွေ အနေနဲ့ ပေါက်ကွဲသံတွေ ကြားနေရမှာ ဖြစ်ကြောင်း အသိပေးထားပါတယ်။

ဆော်ဒီအာရေးဗီးယား ကာကွယ်ရေးဝန်ကြီးဌာနကလည်း နိုင်ငံ အရှေ့ပိုင်းကို တိုက်ခိုက်လာတဲ့ ဒရုန်း ၅ စီးကို ကြားဖြတ် ရှင်းလင်းခဲ့ရတယ်လို့ ပြောပါတယ်။

ဘာရိန်းမှာလည်း တိုက်ခိုက်မှု သတိပေးသံ မြည်လာရင် အများပြည်သူအနေနဲ့ နီးစပ်ရာ ဘေးကင်းတဲ့ နေရာတွေဆီ ခိုလှုံကြဖို့ သတိပေးထားပါတယ်။

ဒီအတောအတွင်း အက်ဖ်ဘီအိုင်က အီရန် အခြေစိုက် ဟက်ကာအုပ်စု အသုံးပြုနေတဲ့ ဝက်ဘ်ဆိုက် လေးခုကို ထိန်းသိမ်းလိုက်ပါတယ်။

ဒီအချိန်မှာ အီရန်က သူတို့အနေနဲ့ စစ်ပွဲမှာ အနိုင်ရစရာ လမ်းမရှိကြောင်း ကိုယ်တိုင် သိထားဖို့ လိုအပ်တယ်လို့ နေတိုးအဖွဲ့ တပ်မှူးဟောင်း ဝက်စလေ ကလက်က ပြောဆိုထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.