ဘန်ကောက်၊ မတ် ၂၀
ထိုင်းမှာ လောင်စာ ထောက်ပံ့ရေး ပြဿနာတွေ ဆက်လက် ဖြစ်ပေါ်နေချိန် ဓာတ်ဆီဆိုင်တွေမှာ ညအချိန် အကြာကြီး တန်းစီ စောင့်ဆိုင်းရတာ၊ ဆီကုန်သွားပြီဆိုတဲ့ ကြေညာချက်တွေ ကပ်ထားတာတွေ ပိုများလာတာနဲ့အတူ လောင်စာ ပြတ်လပ်မှုနဲ့ ကြုံတွေ့ရတဲ့ ပြည်နယ်တွေ ပိုများလာနေပါတယ်။
ချိုင်နတ်ပြည်နယ်ရဲ့ မူအန်းဒေသရှိ ဓာတ်ဆီဆိုင် တစ်ဆိုင်မှာ မတ် ၁၉ ရက်က ယာဉ်မောင်းတွေဟာ မတ် ၁၈ရက် ညကတည်းက ဆီတန်းစီခဲ့ရပါတယ်။
ဓာတ်ဆီဆိုင်တွေက တောင်သူလယ်သမားတွေကို ဦးစားပေး ဆီထုတ်ပေးနေပြီး လူနာတင်ယာဉ်တွေ၊ အရေးပေါ်နဲ့ ကယ်ဆယ်ရေးယာဉ်တွေအတွက် လောင်စာ ၆၀၀ လီတာ အရန်ထားပေးတယ်လို့ သိရပါတယ်။
ဖာယာအိုပြည်နယ်ရှိ ဓာတ်ဆီဆိုင်တွေမှာတော့ ဆီကုန်သွားပြီ ဆိုတဲ့ ကြေညာချက်တွေ ကပ်ထားတာ တွေ့ရပါတယ်။
ဆီထုတ်ပေးတဲ့ ဆိုင်တွေမှာလည်း ကားတွေ ဆိုင်ကယ်တွေ အများကြီး တန်းစီပြီး ထုတ်ကြရပါတယ်။
ကုန်တင်ကားတွေနဲ့ လုပ်ငန်းသုံးကားတွေ အများကြီး မနက် ၄ နာရီကတည်းက ဆီထုတ်ဖို့ တန်းစီနေတာ တွေ့မြင်နေရပါတယ်။
အရန်ဆီ အလုံအလောက် ရှိတာကြောင့် လောင်စာ ပြတ်လပ်မယ့်အရေး စိုးရိမ်စရာ မလိုဘူးလို့ ထိုင်း အစိုးရက ပြောထားပေမယ့် အလုအယက် ဝယ်ယူမှုတွေ ရှိနေပါတယ်။
ဆီဆိုင်တွေကို ဆီလာပို့တဲ့အချိန် တသမတ်တည်း မရှိတာကြောင့် ဒေသတချို့ရှိ ဆီဆိုင်တွေအနေနဲ့ ဆိုင်ကို ယာယီ ပိတ်ထားရတာ ရောင်းချမှုကို ကန့်သတ်တာတွေ လုပ်ဆောင်နေကြရပါတယ်။
လောင်စာပြတ်လပ်ရင် နေ့စဉ်ဘဝတွေ ခက်ခဲလာမှာ၊ သယ်ယူပို့ဆောင်စရိတ် ပိုကြီးလာပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်လာမှာကို အများက စိုးရိမ်နေကြပါတယ်။
ချိုင်အန်မိုင်ပြည်နယ် နာရွမ်ဘွန်မာ ဒေသမှာ စားကုန်ပို့သူတွေ အလုပ်လုပ်ရတာ ခက်သထက် ခက်ခဲ လာနေပါတယ်။
စီးပွားရေး မကောင်းတာကြောင့် ဖောက်သည်တွေ နည်းလာချိန် လောင်စာဆီ ရှာဖွေရ ပိုခက်ခဲလာတယ်လို့ ကုန်စိမ်းပို့တဲ့ ဝါရင့် ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။
ခရီးဝေး ကားအငှားလိုက်သူတွေလည်း လမ်းမှာ ဆီကုန်သွားမှာ စိုးရိမ်တာကြောင့် အလုပ်တွေ လက်မခံဘဲ နေနေကြတယ်လို့ သိရပါတယ်။
ဒီအချိန်မှာ သစ်သီးပို့ပေးမယ့် ယာဉ်မောင်းတွေ ရှားပါးလာနေတာကြောင့် တချို့ ဒေသတွေမှာ သစ်သီး ဈေးနှုန်းတွေလည်း စတင် မြင့်တက်လာနေပါတယ်။
ထိုင်း စွမ်းအင်ဝန်ကြီးကတော့ လက်ရှိ အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်စရာ မလိုဘူးလို့ ပြောထားပါတယ်။
သက်ဆိုင်ရာ ဌာနတွေက နိုင်ငံတဝှမ်း လောင်စာဆီ ပေးပို့မှုတွေကို တတ်နိုင်သမျှ အမြန်ဆုံး လုပ်ဆောင် ပေးသွားမှာ ဖြစ်ကြောင်းနဲ့ အကြာကြီး တန်းစီ စောင့်ရတာဟာ ဝယ်လိုသူတွေ ပိုများလာတာကြောင့်လို့ စွမ်းအင်ဝန်ကြီးက ဆိုပါတယ်။
ဈေးတင်ရောင်းတာ ဒါမှမဟုတ် ဆီလှောင်ထားသူတွေကို အရေးယူမယ်လို့တည်း ဝန်ကြီးက သတိပေးထားပါတယ်။
ထိုင်းမှာ စွမ်းအင် ထောက်ပံ့မှုကို ပြည်ထဲရေးဝန်ကြီးဌာနကလည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
Ref:Bangkokpost

