ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ပြစ်မှု ထင်ရှားတဲ့ စင်ကာပူနိုင်ငံသားကို အမေရိကန် နှင်ထုတ်

ဝါရှင်တန်၊ မတ် ၂၀

နိုင်ငံတည်ထောင်သူ လီကွန်းယုကို စော်ကားတဲ့ အငြင်းပွားဖွယ် ပြောဆိုမှုတွေကြောင့် စင်ကာပူမှာ လူအများ အမှတ်ရနေကြတဲ့ စင်ကာပူ နိုင်ငံသား တစ်ဦးကို မိခင်နိုင်ငံမှာ စွဲချက်တင်ရေး အမေရိကန်က ပြန်လည် ပို့ဆောင်လိုက်ပါတယ်။

အမို့စ်ယီဟာ ဘာသာရေးကို ဝေဖန်တဲ့ ဗီဒီယိုတွေနဲ့ ပတ်သက်လို့ စင်ကာပူမှာ နှစ်ကြိမ်တိုင် ထောင်ချခံရပြီးနောက် ၂၀၁၇ ခုနှစ်က အမေရိကန်နိုင်ငံမှာ ခိုလှုံခွင့် ရရှိခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၀ ပြည့်နှစ်မှာ သူဟာ ကလေးသူငယ် ညစ်ညမ်း ဗီဒီယို ပိုင်ဆိုင်မှု၊ အသက် ၁၄ နှစ်အရွယ် မိန်းကလေး တစ်ယောက်ကို မတော်တရော် လုပ်မှုနဲ့ အမေရိကန်မှာ ထပ်ပြီး ထောင်ချခံခဲ့ရပါတယ်။

အဲဒီနောက် အာမခံနဲ့ ပြန်လွတ်လာတဲ့ ယီကို လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေက ဖမ်းဆီးဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ထပ်မံ ကြိုးပမ်းခဲ့ကြပါတယ်။

အဲဒီ အသက် ၂၇ နှစ်အရွယ် လူငယ်ကို စင်ကာပူ တရားရုံးမှာ မတ် ၂၀ ရက်က ရုံးတင် စစ်ဆေးခဲ့ပြီး စစ်မှုမထမ်းမနေရ ဥပဒေကို ရှောင်ရှားမှု စွဲချက်နဲ့ ရင်ဆိုင်ရမယ်လို့ မျှော်လင့်ရပါတယ်။

သူ့အနေနဲ့ စင်ကာပူမှာ စစ်မှုထမ်းဥပဒေ ရှောင်ရှားမှုအပြင် တခြားစွဲချက်တွေနဲ့ ရင်ဆိုင်ရဦးမှာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ဝန်ကြီးချုပ်ဟောင်း လီကွန်းယု သေဆုံးပြီးနောက် ရက်ပိုင်းအကြာမှာ လီကွန်းယုကို ဝေဖန်ထားတဲ့ ဗီဒီယိုတွေကြောင့် ယီဟာ ၂၀၁၅ ခုနှစ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားလာခဲ့ပါတယ်။

သူက လီကွန်းယုကို ယေရှုခရစ်တော်နဲ့ နှိုင်းပြီး ခရစ်ယာန်ဘာသာကြောင့် နိုင်ငံထဲမှာ ပြဿနာတွေ ဖြစ်နေရတယ်လို့ အပြစ်တင် ပြောဆိုခဲ့ပါတယ်။

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း မာဂရက် သက်ချာနဲ့ လီကွန်းယုတို့ လိင်ဆက်ဆံနေပုံကို သရုပ်ဖော်ထားတဲ့ ကာကွန်းတွေလည်း ယီက ဖော်ပြခဲ့ပါတယ်။

သူ့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ လူ ၃၀ ထက်မနည်းက တိုင်ကြားခဲ့ပြီးနောက် ယီဟာ အလျင်အမြန်ပဲ စွဲချက်တင်ခံရပြီး ထောင်ချခံခဲ့ရပါတယ်။

ဒါပေမဲ့ လွတ်လပ်စွာ ပြောဆိုမှုနဲ့ ပတ်သက်လို့ သူ့ကို ထောက်ခံသူတွေလည်း အများကြီး ရှိခဲ့ပါတယ်။

သူနဲ့ မသိတဲ့ လူတွေကတောင် သူ့အတွက် အာမခံကြေး ပေးမယ်လို့ ကမ်းလှမ်းခဲ့ကြပါသေးတယ်။

ဒါပေမဲ့ သူဟာ ကလေးသူငယ် ညစ်ညမ်း ဗီဒီယို ပိုင်ဆိုင်ထားမှု၊ အသက် ၁၄ နှစ် အရွယ် မိန်းကလေး တစ်ဦးကို မတော်တရော် လုပ်မှုနဲ့ ပတ်သက်လို့ အမေရိကန်မှာ ဖမ်းဆီးခံရပြီးနောက် စင်ကာပူမှာ အမှု ထပ်ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.