မြဝတီ မတ် ၁၅

မြဝတီမြို့တောင်ဘက် ထိုင်းနယ်စပ် သောင်ရင်းမြစ်အနီးမှာရှိတဲ့ ပလောတပို့စစ်ရှောင်စခန်းကို မတ် ၁၄ ရက် နေ့လယ်ပိုင်းက စစ်ကော်မရှင်တပ်က ကာမီကာဇယ် အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ တစ်ဦးသေဆုံးကာ စစ်ရှောင် တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေနဲ့ ဒေသခံသတင်းရင်းမြစ်ဆီက သိရပါတယ်။

မတ် ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်မှာ စစ်ကော်မရှင်တပ်က ကာမီကာဇယ်အသေခံဒရုန်း ၄ စင်းနဲ့ လေးကေကော်ဒေသခံတွေ နေထိုင်ကြတဲ့ ကရင်ပြည်နယ် မြဝတီမြို့နယ် ထိုင်းနယ်စပ် သောင်ရင်းမြစ်အနီးက ပလောတပို့စစ်ရှောင်စခန်းကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒရုန်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်တစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ဆိုပါတယ်။

ပလောတပို့စစ်ဘေးရှောင်စခန်းဟာ ၂၀၂၁ ခုနှစ်မှာ လေးကေကော်တိုက်ပွဲ စတင်ဖြစ်ပွားစဉ်ကတည်းက လေးကေကော်နဲ့ အနီးအနားကျေးရွာတွေက ဒေသခံပြည်သူတွေ နေထိုင်တဲ့ စခန်းတစ်ခုဖြစ်သလို စစ်ရှောင်ဦးရေ ထောင်ချီရှိနေတဲ့ စခန်းတစ်ခုလည်းဖြစ်ပါတယ်။

လေးကေကော်ဒေသ အနီးဝန်းကျင်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတို့အကြား နှစ်ဖက်တိုက်ပွဲတွေ ရက်ရှည်ကြာ ဖြစ်ပွားလာတာနဲ့အမျှ သောင်ရင်းမြစ်ကမ်းနားရှိ ပလောတပို့ စစ်ရှောင်စခန်းအပါအဝင် တခြားစစ်ရှောင်စခန်းက စစ်ဘေးရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာ အစရှိတဲ့ အခက်အခဲတွေကြုံနေရပြီး လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူဆီကနေ သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ မြဝတီမြို့တောင်ဘက် လေးကေကော်ဒေသအနီးက မင်းလက်ပံ၊ ဖလူးနယ်မြေတစ်ဝိုက်ကို စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့ရာမှာ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေ၊ စာသင်ကျောင်း၊ ဆေးပေးခန်းနဲ့ ဘာသာရေးအဆောက်အဦတွေကို လေကြောင်းကနေ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တမင်ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာတွေ မကြာခဏ လုပ်ဆောင်လေ့ရှိနေတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဖလူးလေးကျေးရွာအနီးက DKBA ကျားဖြန့်ဆိုက်ထဲကို စစ်ကော်မရှင်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာမှာ လူ ၂၀ ကျော် ထိခိုက်သေဆုံးဒဏ်ရာရရှိသလို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက မဲကနယ်-ဖလူးလမ်းပေါ်မှာ သွားလာနေတဲ့ DKBA ကားနဲ့ အရပ်သားကားတစ်စီးကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့လို့ DKBA တပ်သားတွေ အပါအဝင် လူ ၅ ဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ဆုံးရှုံးသွားတဲ့နယ်မြေတွေ ပြန်လည်သိမ်းယူနိုင်ဖို့နဲ့ KNU ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဖျက်ဆီးဖို့ရည်ရွယ်ပြီး အရပ်သားပြည်သူတွေအပေါ် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တာတွေကို တိုးမြင့်လုပ်ဆောင်နေတာပါ။

ရွေးကောက်ပွဲနောက်ပိုင်း ဖလူးဒေသအတွင်း စစ်ကော်မရှင်တပ်ရဲ့ နည်းမျိုးစုံသုံးအကြမ်းဖက်တိုက်ခိုက်မှုကြောင့် စစ်ရှောင်ဦးရေ ၄၃၀၀ နီးပါး ထပ်မံတိုးမြှင့်လာခဲ့ကာ စစ်ရှောင်စခန်းသစ် ၄ ခုမှာ ခိုလှုံနေကြရတယ်လို့ KNU ကလည်း ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် ကော်သူးလေနယ်မြေတခွင်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ဒေသခံပြည်သူအရေအတွက်ဟာ ၁ ဒသမ ၂ သန်း ရှိလာပြီး စစ်ကော်မရှင်တပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် နေ့စဉ်နဲ့အမျှ ပြည်သူတွေ စိုးရိမ်မှုတွေ တစ်နေ့တစ်ခြား ပိုမိုကြီးမားလာနေတယ်လို့ KNU ရဲ့ ထုတ်ပြန်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.