မော်လမြိုင် ၊ မတ် ၁၅
မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ မတ်လ ပထမပတ်က စတင်ကာ စက်သုံးဆီတွေကို ပုံးတွေ၊ စည်တိုင်ကီတွေနဲ့ ဝယ်ယူလို့ မရတော့တာကြောင့် ငါးဖမ်းရာသီ မကုန်ခင် ငါးဖမ်းလှေ အများစု လုံးဝ ရပ်နားလိုက်ရပြီ ဖြစ်တယ်လို့ ရေလုပ်ငန်း လုပ်ကိုင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စက်သုံးဆီ အရောင်းဆိုင်တွေအနေနဲ့ စက်သုံးဆီတွေကို ပုံးတွေ၊ ပေပါတိုင်ကီတွေနဲ့ လုံးဝ မရောင်းဖို့ ပြီးခဲ့တဲ့ မတ် ၄ ရက်နေ့မှာ စစ်ကော်မရှင် လက်အောက်ခံ မွန်ပြည်နယ် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနက သတိပေးပြီးနောက် အခုလို ငါးဖမ်းလှေတွေ ရပ်နားလိုက်ရတာပါ။
ငါးဖမ်းလှေတွေဟာ အရင်က လုပ်ငန်း လည်ပတ်ဖို့အတွက် စက်သုံးဆီတွေကို ပုံးတွေ၊ တိုင်ကီတွေနဲ့ ဝယ်ယူပြီး ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ခဲ့ကြရာမှ အခုလို ကန့်သတ်ချက်ကြောင့် စက်သုံးဆီတွေ ဝယ်ယူလို့ မရတဲ့အတွက် လုပ်ငန်းလည်ပတ်ဖို့ အခက်ကြုံနေရတာ ဖြစ်ပါတယ်။
ရေလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကတော့ လက်ရှိ စက်သုံးဆီဆိုင်တွေဟာ စက်သုံးဆီတွေကို ပုံးနဲ့ လုံးဝ မရောင်းတာကြောင့် လှေတင်တဲ့သူတွေ လှေတင်နေကြပြီး ဖြစ်သလို အခုလို လှေတွေ တင်ကြတဲ့အတွက် နောက်တစ်ပတ်လောက်ဆို ဈေးကွက်အတွင်း ငါးရှားလာမှာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ရေလုပ်သားတွေအတွက် ဆီက လုံးလုံး ဝယ်လို့ မရတော့ ဆီအတွက် တော်တော် ခက်ခဲတာပေါ့၊ သူက ပုံးနဲ့ လုံးလုံး မရောင်းဘူးလေ၊ လှေတင်တဲ့ သူတွေ တင်ကုန်ပြီး၊ ဆီဝယ်လို့ မရလို့လေ တင်ပစ်လိုက်ပြီ။ ပိုဆိုးတာက တကယ် ရောင်းတဲ့ နေရာမှာလည်း ကားတွေကို ရောင်းတယ်၊ ပုံးသမားကို မရောင်းဘူး၊ ဒီလှေထဲကိုက ပုံးနဲ့ဘဲ ထည့်ရတာလေး၊ လှေသမားတွေ တင်တော့ ဒီတပတ် တင်လိုက်ကြတယ်လေ၊ တင်လိုက်ရင် နောက်တပတ် လှေဝင်ရင် ငါးရှားပြီပေါ့”လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ စက်သုံးဆီ လက်ကျန် အနည်းငယ် ရှိတဲ့သူလောက်သာ ငါးဖမ်းလုပ်ငန်း လည်ပတ်နိုင်ပေမယ့် မကြာခင် ငါးဖမ်းလှေတွေ အကုန်လုံး ရပ်နားရမယ့် အခြေအနေ ရှိတာကြောင့် ငါးဈေးနှုန်းတွေပါ မြင့်တက်လာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
ရေလုပ်ငန်းလုပ်ကိုင်သူ နောက်တစ်ဦးကလည်း ငါးဖမ်းလှေတွေအတွက် စက်သုံးဆီ လုံးဝ ဝယ်ယူလို့ မရတာကြောင့် အခုလို လုပ်ငန်းတွေ ရပ်လိုက်ရတာ ဖြစ်ပြီး လုပ်ငန်းတွေ ရပ်လိုက် ရတဲ့အတွက် ရေလုပ်သားတွေအပြင် သူတို့ကို မှီခိုနေတဲ့ မိသားစုတွေပါ အခက်အခဲ ဖြစ်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“လှေတွေ ဆီဝယ်လို့ မရလို့ ရပ်နားလိုက်တယ်လေ၊ ဆီမရှိလို့ မထွက်ကြဘူးလေ။အခက်အခဲကတော့ ပုံးနဲ့မှ မပေးတာ၊ လုံးဝ ဝယ်လို့ မရလို့ ရပ်လိုက်ရတာ၊ လောလောဆယ် လုပ်ငန်း ရပ်ဆိုင်းတော့ အကုန်လုံး စားဝတ်နေရေး ဒီအလုပ်ကို မှီခိုတဲ့ ရေလုပ်သားတွေပါ အကုန် အခက်အခဲ ဖြစ်ပေါ့၊ အခုက လှေတစ်စီးကို လူ ၆ ယောက် ၇ ယောက်ဆို မိသားစု ၆ ဦး၊ ၇ ဦးပေါ့၊ သူကို မှီခိုနေတဲ့ မိသားစု အကုန်လုံးပါ အခက်အခဲ ဖြစ်တာပေါ့”လို့ ဆိုပါတယ်။
တဖက်မှာ မွန်ပြည်နယ် ရေနံထွက်ပစ္စည်း ကြီးကြပ် စစ်ဆေးရေးဦးစီးဌာနကတော့ ဆိုင်ကယ် တစ်စီးကို ကျပ် ၅၀၀၀ ဖိုး၊ သုံးဘီးနဲ့ အိုးဝေကို ကျပ် ၁၀၀၀၀ ဖိုးနဲ့ အိမ်စီးကား တစ်စီးကို ကျပ် ၃၀၀၀၀ ဖိုးသာ ရောင်းချဖို့ ညွှန်ကြားထားတာပါ။
ဒါ့အပြင် ခရီးသည်တင်ယာဉ်တွေ၊ Light Truck နဲ့ ကုန်ကားတွေကိုတော့ ဒီဇယ်ဆီ ကျပ် ၁၀၀၀၀၀ ဖိုး ရောင်းချဖို့နဲ့ ပရီမီယံ ဒီဇယ်ကားတွေကိုတော့ နံပါတ် အနီကို ကျပ် ၄၀၀၀၀ ဖိုး၊ နံပါတ် အနက်ကို ကျပ် ၃၀၀၀၀ ဖိုးသာ ရောင်းချဖို့ ညွှန်ကြားထားပေမယ့် ငါးဖမ်းလှေ အပါအဝင် တခြား စက်တပ်ယာဉ်တွေကိုတော့ စက်သုံးဆီ ရောင်းချဖို့ ညွှန်ကြားထားတာ မရှိပါဘူး။
ရေလုပ်ငန်းရှင်တွေကတော့ အရင်က ငါးဖမ်းလုပ်ငန်းဟာ မိုးဦးကျ ငါးရစ်ငါးသန်ချိန်တွေ မှာသာ လုပ်ငန်း ရပ်နားကြပေမယ့် လက်ရှိ ငါးဖမ်းရာသီ မကုန်ခင်မှာဘဲ စက်သုံးဆီ အခက်အခဲကြောင့် ရပ်နားလိုက်ရတဲ့အတွက် ဒီနှစ် ငါးရရှိမှု သိသိသာသာ လျော့ကျလာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ မတ်လ ပထမပတ်က စတင်ကာ စက်သုံးဆီတွေကို လိုသလောက် ဝယ်ယူလို့ မရတာ၊ စုံ/မ စနစ်နဲ့သာ ဝယ်ယူနေရတာ၊ အချိန်ကြာမြင့်စွာ တန်းစီ ဝယ်ယူနေရတာအပြင် စက်သုံးဆီဆိုင် အများစုမှာလည်း မကြာခဏ စက်သုံးဆီ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

