ဟောင်ကောင်၊ မတ် ၁၃

စီးပွားဖြစ် ပြေးဆွဲနေတဲ့ သင်္ဘော တချို့ ဟောမု့ဇ် ရေလက်ကြားအတွင်း ဒါမှမဟုတ် အနီးအနားမှာ သူတို့ကိုယ် သူတို့ တရုတ် သင်္ဘော ဖြစ်ကြောင်း ကြေညာပြီး ခုတ်မောင်းသွားလာနေကြတယ်လို့ ဆိုပါတယ်။

အီရန် စစ်ပွဲ အရှိန်မြင့်တက်လာချိန် ဟောမု့ဇ် ရေလက်ကြားကို အီရန်က ပိတ်ထားပြီး ဖြတ်သန်းဖို့ ကြိုးပမ်းတဲ့ သင်္ဘောတွေကို မီးလောင်တိုက်သွင်းပစ်မယ်လို့ ခြိမ်းခြောက်ထား ပါတယ်။

ပါရှန်း ပင်လယ်ကွေ့နဲ့ အိုမန် ပင်လယ်ကွေ့ကို ဖြတ်သန်းသွားတဲ့ သင်္ဘောတွေကတော့ တရုတ် ပိုင်ဆိုင်တဲ့ သင်္ဘောတွေ ဖြစ်ကြောင်း သူတို့ ကိုယ်သူတို့ ကြေညာပြီး ခုတ်မောင်း ဖြတ်သန်းသွားခဲ့ပါတယ်။

ဒါက ဟောမု့ဇ် ရေလက်ကြားအနီး ဖြတ်သန်းမယ့် သင်္ဘောတွေ တိုက်ခိုက် မခံရစေရေး နောက်ဆုံး အသုံးပြုနေတဲ့ အိုင်ဒီယာ ဖြစ်ပါတယ်။

အီရန်က ဟောမု့ဇ် ရေလက်ကြားအနီး ကုန်တင် သင်္ဘောတွေကို တိုက်ခိုက်နေပြီး ထိုင်းကုန်တင်သင်္ဘော တစ်စီးလည်း ထိခိုက်ခဲ့ပါတယ်။

မတ် ၁၃ ရက်အထိ အီရန်က အဲဒီ ရေလက်ကြား အနီး သင်္ဘော ကုန်တင်သင်္ဘော ၁၉ စီးအထိ တိုက်ခိုက်ခံခဲ့ရပါတယ်။

ပနားမားနဲ့ မာရှယ်ကျွန်းစုက သင်္ဘောတွေတောင် တရုတ်ပိုင်သင်္ဘောတွေလို့ ကြေညာပြီး အဲဒီ ရေလက်ကြားကို ဖြတ်သန်းနေကြတာ ဖြစ်ပါတယ်။

ပင်လယ်နီမှာ ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ရချိန်ကလည်း ကုန်တင်သင်္ဘောတွေဟာ အခုလို နည်းလမ်းအတိုင်း တရုတ်ပိုင်သင်္ဘော အဖြစ် ကြေညာပြီး သွားလာခဲ့ကြ ပါတယ်။

ကမ္ဘာကြီး သုံးစွဲနေတဲ့ ရေနံ ငါးပုံတစ်ပုံ ဖြတ်သန်းရာ ဟောမု့ဇ် ရေလက်ကြားကို အီရန်က ပိတ်ထားတာကြောင့် ကမ္ဘာ့စီးပွားရေး ထိခိုက်ပျက်စီးသွားနိုင်တယ်လို့ ပြောထားပါတယ်။

အီရန် စစ်ပွဲ အရှိန် မြင့်လာချိန်မှာ ရေနံဈေး ဒေါ်လာ ၁၀၀ အထက်မှာပဲ တဝဲလည်လည် ဖြစ်နေပြီး အာရှ ရှယ်ယာဈေးတွေ သိသိသာသာ လျော့ကျသွားပါတယ်။

အရှေ့အလယ်ပိုင်း စစ်ပွဲ ရှည်ကြာလာရင် ကမ္ဘာ့စီးပွားရေး ကြီးကြီးမားမား ထိခိုက်နိုင်ကြောင်း ပညာရှင်တွေက သတိပေးထားချိန်မှာ လောင်စာဈေးကွက်တွေ ကမောက်ကမ ဖြစ်နေပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.