ဂျီနီဗာ၊ မတ် ၇
အီရန် စစ်ပွဲကြောင့် မတ် ၆ ရက်မှာ ကမ္ဘာ့ ရေနံဈေး ထပ်မံ မြင့်တက်လာပြီးနောက် ၂၀၂၃ ခုနှစ်နောက်ပိုင်း အမြင့်မားဆုံး နှုန်းထားသို့ ရောက်ရှိလာခဲ့ပါတယ်။
အမေရိကန် အလုပ်အကိုင် ဈေးကွက်နဲ့ ပတ်သက်လို့ နောက်ဆုံး အခြေအနေကို တင်ပြမှု အားနည်းတာကြောင့် အစုရှယ်ယာ ဈေးနှုန်းတွေလည်း အောက်တိုဘာ နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေပါတယ်။
ပင်လယ်ကွေ့ဒေသတဝှမ်း အမေရိကန်နဲ့ အစ္စရေးက အီရန်ကို တိုက်ခိုက်မှုနဲ့ အီရန်ရဲ့ လက်စားချေ တိုက်ခိုက်မှုတွေကြောင့် ကမ္ဘာ့စွမ်းအင်နဲ့ ပို့ဆောင်ရေးကဏ္ဍ ကမောက်ကမ ဖြစ်နေပြီး ဟောမု့ဇ် ရေလက်ကြားမှာ လှုပ်ရှားသွားမှုများ အားလုံးနီးနီး ရပ်ဆိုင်းသွားပြီ ဖြစ်ပါတယ်။
သမ္မတ ဒေါ်နယ် ထရန့်ကတော့ ဟောမု့ဇ် ရေလက်ကြားကို ဖြတ်သန်းသွားတဲ့ သင်္ဘောတွေကို မကြာခင် အမေရိကန်က လိုက်ပါ စောင့်ကြပ်ပေးသွားမှာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
နိုင်ငံတကာ စံနှုန်း အတိုင်းရောင်းချတဲ့ Brent ရေနံစိမ်း ဈေးနှုန်းဟာ ၁ စည်ကို အမေရိကန် ဒေါ်လာ ၉၂ ဒသမ ၆၉ အထိ ရှိလာပြီး တစ်ရက်တာ အတွက် ၈ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာတာ ဖြစ်သလို တစ်ပတ်တာအတွက် ၃၀ ရာခိုင်နှုန်း နီးပါး မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
အီရန်အနေနဲ့ လုံးဝခြွင်းချက်မရှိ လက်နက်ချမှပဲ အရှေ့အလယ်ပိုင်း စစ်ပွဲ အဆုံးသတ်မှာ ဖြစ်တယ်လို့ ဒေါ်နယ် ထရန့်က ပြောကြားပြီးနောက်မှာ ရေနံဈေး ထပ်မံ မြင့်တက်လာတာ ဖြစ်ပါတယ်။
ရေနံဈေးဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာ နောက်ပိုင်း အမြင့်မားဆုံး ဈေးနှုန်းအဖြစ် အမေရိကန် ဒေါ်လာ ၉၄ အထက်သို့ ခေတ္တ ရောက်ရှိသွားခဲ့ပါတယ်။
စစ်ပွဲ ပိုမိုကျယ်ပြန့်လာချိန် အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်ရေး အရေးပါတဲ့ ဒေသတွေ၊ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပို့ဆောင်ရေး လမ်းကြောင်းတွေ အနှောင့်အယှက်ရှိနေတာကြောင့် ကမ္ဘာ့ ရေနံဈေး မြင့်တက်လာတာ ဖြစ်ပါတယ်။
ဒီအတောအတွင်း အီရန် စစ်ပွဲကြောင့် အိန္ဒိယ ရေနံ ဝယ်ယူနိုင်ရေး ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု တချို့ ကို ဖြေလျှော့ပေးထားပါတယ်။
ရေနံဈေး နောက်ထပ် မြင့်တက်ပြီး ရေနံစိမ်း ၁ စည်ကို အမေရိကန် ဒေါ်လာ ၁၀၀ အထက် မြင့်တက်သွားပြီး ပြန်မကျတော့ဘူးဆိုရင် ကမ္ဘာ့စီးပွားရေးအတွက် တောင့်ခံနိုင်ဖို့ မြင့်မားလွန်းတဲ့ ဈေးနှုန်း ဖြစ်လာမှာ ဖြစ်ကြောင်း သုတေသီ တချို့က ပြောပါတယ်။
အီရန် စစ်ပွဲ မကြာပါဘူးဆိုတဲ့ မျှော်လင့်ချက်ကြောင့် ဈေးကွက်တွေရဲ့ တုံ့ပြန်မှု အများကြီး မသိသာခဲ့ပေမယ့် ထရန့်က အီရန်ကို အပြတ်တိုက်ခိုက်မယ့် လေသံနဲ့ ပြောနေတာကြောင့် စစ်ပွဲ ရှည်ကြာလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
အချိန်ကာလ တစ်ခုအထိ စွမ်းအင်ဈေနှုန်း မြင့်တက်လာနိုင်တဲ့ အလားအလာကြောင့် ငွေကြေး ဖောင်းပွမှုတွေလည်း မြင့်တက်လာနေပါတယ်။
ဒေသတွင်း သင်္ဘော လမ်းကြောင်းတွေနဲ့ အဓိက စွမ်းအင် အဆောက်အဦတွေ ထိခိုက်မှု ရှိနေသရွေ့ ငွေကြေးဖောင်းပွမှု ဆက်လက် ဖြစ်ပေါ်နေမှာ ဖြစ်ကြောင်း AJ Bell ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညွှန်ကြားရေးမှူး ရပ်စ် မိုးရ်က ပြောပါတယ်။
အီရတ်တောင်ပိုင်းနဲ့ မြောက်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာဒစ္စတန်ဒေသရှိ ရေနံမြေတွေ တိုက်ခိုက်ခံနေရတာကြောင့် အဲဒီဒေသရှိ အမေရိကန် ဦးဆောင်တဲ့ ရေနံ ထုတ်လုပ်မှုတွေ ရပ်တန့် သွားခဲ့ပါတယ်။
ကူဝိတ်ကလည်း ရေနံ သိုလှောင်ရာ နေရာ မရှိတော့ကြောင့် ရေနံ ထုတ်လုပ်မှုကို လျှော့ချထားကြောင်း ဝေါလ်စထရိဒ် ဂျာနယ်က ဖော်ပြထားပါတယ်။
ဟောမု့ဇ် ရေလက်ကြားအား ဖြတ်သန်းတဲ့ သင်္ဘောတွေကို မကြာခင် အမေရိကန်က လိုက်ပါ စောင့်ကြပ် ပေးမှာ ဖြစ်ကြောင်း ထရန့်က ပြောထားပေမယ့် သင်္ဘော ကုမ္ပဏီတွေက အဲဒီ ဒေသတွင်းမှာ သတိကြီးကြီးနဲ့ လုပ်ကိုင်နေကြရပါတယ်။
Ref:Agencies

