မနီလာ၊ မတ် ၇

ဖိလစ်ပိုင် အစိုးရ အထူးရုံးခွဲတွေ လက်အောက်ရှိ ရွေးချယ်ထားတဲ့ ရုံးတွေမှာ မတ် ၉ ရက်က စတင်ပြီး တစ်ပတ် အလုပ်လုပ်ရက် ၄ ရက်တည်း ယာယီသတ်မှတ်ဖို့ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ညွှန်ကြားထားပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခကြောင့် ရိုက်ခတ်မှုတွေကို ဖြေရှင်းရေး အစိုးရ အစီအစဉ် တစ်စိတ်တစ်ပိုင်းအနေနဲ့ အခုလို ညွှန်ကြားချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အရေးကြီးတဲ့ အများပြည်သူ ဝန်ဆောင်မှု ပေးနေတဲ့ အစိုးရရုံးတွေ၊ ရဲတပ်ဖွဲ့နဲ့ မီးသတ်ဌာနတို့လို အရေးပေါ်နဲ့ အရေးကြီးတဲ့ အစိုးရဌာနတွေ အလုပ်လုပ်ရက် လျှော့ချမှုမှာ ပါဝင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဌာနတွင်း ညွှန်ကြားချက်တွေအတိုင်း အစိုးရ ဝန်ထမ်းတွေ လိုက်နာကြရမှာ ဖြစ်ပြီး ရုံးတက်ရောက်မှု စာရင်း၊ စွမ်းဆောင်ရည်စံနှုန်းနဲ့ စောင့်ကြည့်ရေး ယန္တရားတွေ ထားရှိရမှာ ဖြစ်ကြောင်း ဖိလစ်ပိုင် သမ္မတက ညွှန်ကြားထားပါတယ်။

အစိုးရအဖွဲ့အနေနဲ့ မလိုအပ်ဘဲ ခရီးသွားလာမှုတွေနဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို ယာယီ ရပ်တန့်ထားဖို့အတွက်လည်း သမ္မတ မားကို့စ်က ညွှန်ကြားချက် ထုတ်ထားတာပါ။

အီရန် စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်း ဒေသတဝှမ်း ရေနံ ထုတ်လုပ်မှုနဲ့ တင်ပို့မှု အခက်ကြုံနေချိန် ကမ္ဘာ့ ရေနံဈေးနှုန်း ၂၀၂၃ ခုနှစ် နောက်ပိုင်း အမြင့်ဆုံး နှုန်းထားသို့ ရောက်ရှိလာခဲ့ ပါတယ်။

ဖိလစ်ပိုင်အစိုးရရဲ့ တားမြစ်ချက်တွေမှာ ကျောင်းသားတွေရဲ့ လေ့လာရေး ခရီးစဉ်တွေ၊ အသင်း အဖွဲ့လိုက် လှုပ်ရှားဆောင်ရွက်မှုတွေ၊ အွန်လိုင်းက တွေ့လို့ရတဲ့ လူကိုယ်တိုင် သွားရောက် တွေ့ဆုံရမယ့် ကိစ္စရပ်တွေကို ရပ်ဆိုင်းထားဖို့လည်း ပါဝင်ပါတယ်။

အစိုးရ ဌာနတွေအနေနဲ့ လျှပ်စစ်နဲ့ လောင်စာ သုံးစွဲမှုကို လျှော့ချပြီး အရင်းအမြစ်တွေကို ထိန်းသိမ်းဖို့လည်း ဖိလစ်ပိုင် သမ္မတက ညွှန်ကြားထားပါတယ်။

ဖိလစ်ပိုင် အမျိုးသားအစိုးရ လက်အောက်ရှိ ဌာနအားလုံး အစိုးရပိုင်နဲ့ အစိုးရ ထိန်းချုပ်မှု အောက်ရှိ လုပ်ငန်းများအားလုံး လျှပ်စစ်နဲ့ စွမ်းအင်သုံးစွဲမှု ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်း အထိ လျှော့ချကြရမှာဖြစ်ပါတယ်။

ဒါ့အပြင် အစိုးရဌာနတွေမှာ စွမ်းအင် သုံးစွဲမှုစောင့်ကြည့်ရေး အရာရှိတွေ ခန့်အပ်ထားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

ပင်လယ်ကွေ့နိုင်ငံတွေမှာ လက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေကို စောင့်ရှောက်ရေး သမ္မတက နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ ဝန်ကြီးဌာနနဲ့ ပြည်ပ အလုပ်သမားများ ဖူလုံရေးဌာနတို့ အပါအဝင် သက်ဆိုင်ရာ အစိုးရ ဌာန အားလုံးက လုပ်ဆောင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

လက်ရှိ အီရန် စစ်ပွဲရဲ့ ရိုက်ခတ်မှုတွေ ရှိနေတဲ့ ဒူဘိုင်း၊ ကာတာ၊ အိုမန်၊ ဆော်ဒီအာရေးဗီးယားတို့မှာ ဖိလစ်ပိုင်နိုင်ငံသား အများအပြား နေထိုင် အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

အီရန်အနီး အရှေ့အလယ်ပိုင်း ဒေသသို့ ရောက်ရှိနေကြဖို့ ဖိလစ်ပိုင် နိုင်ငံသားတွေအနေနဲ့ အရေးပေါ် ဆက်သွယ်ရမယ့် နေရာတွေနဲ့ ဖုန်းနံပါတ်တွေကိုလည်း အစိုးရက ကြေညာထား ပါတယ်။

အီရန် စစ်ပွဲကြောင့် ဖိလစ်ပိုင် အပြင် ထိုင်း၊ မြန်မာ စတဲ့ အရှေ့တောင်အာရှနိုင်ငံတွေ အပေါ် သက်ရောက်မှုတွေ ရှိနေပြီး အဓိကကတော့ စွမ်းအင်ဖူလုံရေးဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

တချို့နိုင်ငံတွေမှာ အရန်စွမ်းအင် နှစ်လစာလောက်ပဲ ရှိတော့တာ ဖြစ်ပြီး တခြား နိုင်ငံတွေမှာတော့ တစ်လကျော် သုံးစရာအတွက်ပဲ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

Ref:GULF News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.