မိုဘိုင်းဖုန်းတွေကို မှတ်ပုံတင်ခိုင်းမှုအပေါ် လုံခြုံ‌ရေးအတွက် ဘာတွေသတိထားသင့်လဲ

မော်လမြိုင် ၊ မတ် ၇

စစ်အာဏာရှင်စနစ်ဆန့်ကျင်သူတွေကို ဒစ်ဂျစ်တယ် ယန္တရားပေါင်းစုံနဲ့ ဖိနှိပ်လာနေတဲ့ စစ်တပ်ရဲ့ အသွင်ပြောင်း စစ်ကော်မရှင်က အခုအခါမှာ မိုဘိုင်းဖုန်းတွေကနေတဆင့် စောင့်ကြည့်ခြေရာခံနိုင်မယ့် စနစ်တစ်ခုကို လုပ်ဆောင်လာနေပါတယ်။

မိုဘိုင်းလက်ကိုင်ဖုန်းတွေအပါအဝင် မိုဘိုင်းကွန်ရက်သုံး ဆက်သွယ်ရေးစက်ပစ္စည်းတွေရဲ့ မူရင်းအမှတ်အသား IMEI ကို အသုံးပြုပြီး ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံစနစ် CEIR မှာ မှတ်ပုံတင်တဲ့ စနစ်ကို လုပ်ဆောင်နေတယ်လို့ စစ်ကော်မရှင်က မတ် ၅ ရက်နေ့ထုတ် ဝါဒဖြန့် သတင်းစာကနေ အသိပေးခဲ့တာပါ။

ဒါဟာ မိုဘိုင်းဖုန်းတိုင်းမှာ မတူညီတဲ့ ဂဏန်း ၁၅ လုံးပါ IMEI အမှတ်သားကို CEIR စနစ်မှာ မှတ်ပုံတင်ခိုင်းပြီး နိုင်ငံအတွင်းရှိ ဆက်သွယ်ရေးကွန်ရက်တွေနဲ့ ချိတ်ဆက်အသုံးပြုတဲ့ လုပ်ငန်းစဉ်ဖြစ်ကာ အခွန်ကောက်ခံဖို့နဲ့ တရားမဝင် တင်သွင်းမှုတွေကို တားဆီဖို့ စစ်ကော်မရှင်က အကြောင်းပြပါတယ်။

ဒါပေမယ့် ဒစ်ဂျစ်တယ်လုံခြုံရေးရှုထောင့်ကကြည့်ရင် အဲဒီ မှတ်ပုံတင်စနစ်ရဲ့ ဖော်ပြထားတဲ့ ရည်ရွယ်ချက်ထက် များစွာပိုမိုတဲ့ စောင့်ကြည့်ရေးယန္တယားတွေကို နောက်ကွယ်မှာ ဖော်ဆောင်နိုင်တယ်လို့ Myanmar Internet Project (MIP) က ထောက်ပြပါတယ်။

ဒါကြောင့် ဒစ်ဂျစ်တယ်လုံခြုံရေးအတွက် တည်နေရာ ခြေရာခံနိုင်မှု အန္တရာယ်ကြီးမားလာနိုင်တာ၊ အစုလိုက်အပြုံလိုက် စောင့်ကြည်ဖို့ လွယ်ကူလာတာ၊ ပစ်မှတ်ထား ပိတ်ဆို့ဖို့ လွယ်ကူတာ၊ မိုဘိုင်းဖုန်းကို ထိန်းချုပ်ဝင်ရောက်ခံရနိုင်ခြေ မြင့်မားတာနဲ့ ဟက်ကာတွေရဲ့ ပစ်မှတ် ဖြစ်လာနိုင်တယ်လို့ MIP သတိပေးပါတယ်။

စစ်ကော်မရှင်ရဲ့ E-ID လုပ်ငန်းစဉ်အရ ဆင်းကဒ်မှတ်ပုံတင်ချိန်ကတည်းက သုံးစွဲသူတွေရဲ့ မှတ်ပုံတင်နံပါတ်နဲ့ ပြုလုပ်ခဲ့ပြီးဖြစ်လို့ နိုင်ငံသားအများစုရဲ့ ဇီဝအချက်အလက်တွေ ရရှိထားပြီး ဖြစ်ပါတယ်။ အခုအခါ IMEI မှတ်ပုံတင်ချိန်မှာ ဆင်းကဒ် မှတ်ပုံတင်နံပါတ်နဲ့ IMEI တို့ ပေါင်းစပ်မိသွားပြီး ဘယ်သူဘယ်ဝါ သုံးစွဲနေတာကို အတိအကျ သိရှိသွားမှာပါ။

ဖုန်းဆင်းကဒ်တစ်ခုဟာ အနီးအနားရှိ တာဝါတိုင် ၃ ခုနဲ့ အနည်းဆုံး ချိတ်ဆက်နေလေ့ရှိတာကြောင့် “Triangulation Method”ကို အသုံးပြုပြီး သုံးစွဲသူရောက်ရှိနေတဲ့ အနီးစပ်ဆုံးနေရာကို ခြေရာခံနိုင်စွမ်း ပိုမိုမြင့်မားလာစေတယ်လို့ MIP က ထောက်ပြပါတယ်။

ဒါ့အပြင် IMEI ကို အခြေပြုပြီး ပိတ်ပင်လိုက်ရင် အဲဒီဖုန်းဟာ စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကွန်ရက်အတွင်းရှိ ဆက်သွယ်ရေးစနစ်တွေနဲ့ အသုံးပြုနိုင်တော့မှာ မဟုတ်ပါဘူး။ IMEI စနစ်နဲ့ မှတ်ပုံတင်တဲ့အခါလည်း ဖုန်းရဲ့ မော်ဒယ်အမျိုးအစားနဲ့ အခြား Hardware အမျိုးအစားတွေကိုပါ အလိုအလျောက် သိမ်းဆည်းပြီးသား ဖြစ်ပါတယ်။

ဒီအခြေအနေမှာ ဖုန်းအမျိုးအစားလိုက် ထိုးဖောက်ဝင်ရောက်နိုင်တဲ့ Spyware တွေ ရှိနေရင် အသုံးပြုသူကို အဝေးကနေ ပစ်မှတ်ထား စောင့်ကြည့်ခံရနိုင်ခြေ ပိုမိုမြင့်မားလာနိုင်တယ်လို့ MIP က သတိပေးထောက်ပြပါတယ်။

လုံခြုံရေးအားနည်းချက်ကြောင့် ဖောက်ထွင်းဝင်ရောက်ခံရရင် တစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက်တွေဟာ မှောင်ခိုဈေးကွက်အတွင်း ရောက်ရှိသွားပြီး ငွေကြေးလိမ်လည်မှုနဲ့ ကိုယ်ရေးအချက်အလက် ခိုးယူခံရမှုတွေလည်း ဖြစ်ပေါ်လာနိုင်တာပါ။

ဒါကြောင့် မိုဘိုင်းဖုန်းသုံးစွဲသူတွေအနေနဲ့ ဆင်းကဒ်နဲ့ တိုက်ရိုက်ဖုန်းခေါ်ဆိုမှုတွေကို တက်နိုင်သမျှ ရှောင်ပြီး ဝိုင်ဖိုင်ကနေတစ်ဆင့် Signal လိုမျိုး ဝှက်စာစနစ် ပါတဲ့ အပ်ပလီကေးရှင်းတွေကို အသုံးပြုဆက်သွယ်ဖို့ အကြံပြုထားတာ တွေ့ရပါတယ်။

အရေးကြီးတဲ့ ဓာတ်ပုံ၊ စာနဲ့ အဆက်အသွယ်တွေကို မိမိရဲ့ ဖုန်းမှာ တိုက်ရိုက်မသိမ်းဘဲ လုံခြုံရေးကောင်းမွန်တဲ့ Cloud Storage တစ်ခုခုမှာ သိမ်းဆည်းဖို့ ဖြစ်ပါတယ်။

လိုအပ်ချိန်မှာ ဖုန်းကို Airplane Mode ထားပြီး တာဝါတိုင်နဲ့ ယာယီအဆက်သွယ် ဖြတ်တောက်ရမှာ ဖြစ်သလို လုံခြုံရေးအရ ပိုမိုစိတ်ချရစေရေး Aluminium Foil တွေနဲ့ ထုပ်ပိုးသိမ်းဆည်းကာ ဖုန်းနဲ့ တာဝါတိုင်အကြား အဆက်သွယ် ဖြတ်တောက်ရမှာပါ။

ဒါ့အပြင် IMEI မှတ်ပုံမတင်ထားတဲ့ မိုဘိုင်းကိရိယာတစ်ခုကို ဆင်းကဒ်ထည့်မသုံးဘဲ စိတ်ချရတဲ့ ဝိုင်ဖိုင်နဲ့ ချိတ်ဆက် အသုံးပြုသင့်သလို အက်ပ်ပလီကေးရှင်းတွေရဲ့ တည်နေရာတောင်းခံမှုကိုလည်း မလိုအပ်ရင် ခွင့်မပြုသင့်ပါဘူး။

Two Step Verification(2FA) အသုံးပြုတဲ့အခါမှာလည်း ဆင်းကဒ်က ပေးပို့တဲ့ SMS ကို မသုံးပဲ Google Authenticator လိုမျိုး စိတ်ချရတဲ့ နည်းလမ်းကို အသုံးပြုဖို့နဲ့ IMEI မှတ်ပုံမတင်မီ ဖုန်းအတွင်းရှိ အရေးကြီးအချက်အလက်တွေကို လုံခြုံတဲ့နေရာမှာ ပြောင်းလဲသိမ်းဆည်းကာ ဖုန်းအတွင်း အပြီးဖျက်ပစ်ဖို့ ဖြစ်ပါတယ်။

Android ဖုန်းတွေမှာ Encrypt ဖုန်းလုပ်ထားတာ ရှိ မရှိ စစ်ဆေးပြီး မလုပ်ထားရင် ပြုလုပ်ဖို့နဲ့ ဖုန်းကို Lock Screen မဖြစ်မနေ ပြုလုပ်ဖို့ အပါအဝင် လုံခြုံစိတ်ချရတဲ့ VPN တွေကို အမြဲအသုံးပြုဖို့ MIP က CEIR စနစ်နဲ့ပတ်သက်ပြီး ကာကွယ်ရေးနည်းလမ်းတွေကို အသိပေထားတာပါ။

စစ်ကော်မရှင်ကတော့ လက်ရှိ အသုံးပြုနေတဲ့ မိုဘိုင်းဖုန်းတွေကို CEIR စနစ်ရှိ ခွင့်ပြုစာရင်းမှာ အလိုအလျောက် ထည့်သွင်းပေးမှာဖြစ်လို့ အဲဒီစာရင်းမှာ ပါဝင်နိုင်ဖို့ မတ် ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ဆက်သွယ်ရေးကွန်ရက်တွေရဲ့ ဆင်းကဒ်တွေ ထည့်သွင်းအသုံးပြုဖို့ လိုတယ်လို့ ဆိုပါတယ်။

ဧပြီ ၁ ရက်နေ့ကစပြီး ခွင့်ပြုစာရင်းမှာ မပါတဲ့ မိုဘိုင်းဖုန်းတွေကို ဆက်သွယ်ရေးကွန်ရက်တွေနဲ့ ရက်ပေါင်း ၃၀ အတွင်း ယာယီချိတ်ဆက် အသုံးပြုခွင့် ရရှိမှာဖြစ်ပြီး အဲဒီကာလအတွင်း ကျသင့်အခွန်နဲ့ ဒဏ်ကြေးတွေ ပေးဆောင်ပြီးမှသာ ဆက်လက်အသုံးပြုခွင့်ရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.