မွန်ပြည်နယ် အစိုးရသစ်ဖွဲ့ဖို့ စစ်ခေါင်းဆောင်အမိန့် စောင့်နေရ

မော်လမြိုင် ၊ မတ် ၇

စစ်တပ် ဦးဆောင်ကျင်းပခဲ့တဲ့ အထွေထွေးရွေးကောက်ပွဲကနေ ထွက်ပေါ်လာမယ့် မွန်ပြည်နယ် အစိုးရသစ် ဖွဲ့စည်းရေးအတွက် စစ်ခေါင်းဆောင်ရဲ့ အမိန့်ကို စောင့်နေရတယ်လို့ ကြံ့ခိုင်ရေးပါတီအပါအဝင် စစ်ကော်မရှင်နဲ့နီးစပ်သူတွေထံက သိရပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်ဟာ လာမယ့် တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ပထမပုံမှန် အစည်းအဝေးကို မတ်လ ၂၀ ရက်နေ့မှာ ကျင်းပပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။

လွှတ်တော် အစည်းအဝေး ခေါ်ယူကျင်းပနိုင်ဖို့ ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ကလည်း မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် လွှတ်တော်မှာ အနိုင်ရ ကိုယ်စားလှယ်တွေ မိတ်ဆက် အခမ်းအနား ပြုလုပ်ထားပါတယ်။

ဒါပေမယ့် မွန်ပြည်နယ် အစိုးရသစ် ဖွဲ့စည်းရေးအတွက် ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်း ဆွေးနွေးတာတွေ မရှိသလို စစ်ခေါင်းဆောင်ရဲ့ အမိန့်ကိုသာ စောင့်ဆိုင်းနေရတယ်လို့ ဆိုပါတယ်။

သထုံမြို့နယ် အမတ်ဟောင်း တစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်သူကတော့ လက်ရှိ အာဏာဟာ စစ်ခေါင်းဆောင် လက်ထက်မှာပဲ ရှိနေတာကြောင့် သူ့စိတ်ကြိုက် ဆက်လက်ခြယ်လှယ်နေဦးမယ်လို့ ဝေဖန်ပါတယ်။

“မင်းအောင်လှိုင်က လက်ရှိ အနိုင်ရ ပါတီဝင်လည်း မဟုတ်ဘူး။ ပါတီထဲကလည်း မဟုတ်ဘူး။ ပြီးတော့ ဒီပါတီကိုလည်း ဝင်ရောက် စွပ်ဖက်တယ်။သူတို့ သုံးနေတာက ဥပ‌ဒေ ဆိုတာထက်ကို တောရိုင်း ဥပဒေပေါ့။ အကောင်ကြီးတဲ့သူ စားကြေးပဲပေါ့။ အာဏာက လက်ရှိက သူထဲမှာ ဖြစ်နေတဲ့အခါကျတော့ သူစိတ်ကြိုက် ခြယ်လှယ်မှာပဲပေါ့နော်”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်က ပြုလုပ်ပေးတဲ့ ရွေးကောက်ပွဲဝင်တဲ့သူတွေဟာ စစ်ကော်မရှင်ကို လက်ခံသူတွေ ဖြစ်တာကြောင့် ဘာမှ လုပ်ဆောင်နိုင်မှာ မဟုတ်ဘဲ စစ်ခေါင်းဆောင်ရဲ့ ခြယ်လှယ်မှုကို ခံမြဲခံနေရဦးမယ်လို့ သူက ဆက်ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ မတ် ၄ ရက်နေ့ကလည်း တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့ ဥပဒေကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။

အဲဒီဥပဒေအရ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့ကို ဝန်ကြီး ငါးဦးကနေ ၁၀ ဦးအထိ ခန့်အပ်နိုင်ပြီး ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးကို မြို့တော်ဝန်အဖြစ် ခန့်အပ်တာဝန်ပေးရမယ်လို့ ပြဌာန်းထားပါတယ်။

စစ်တပ် ရွေးကောက်ပွဲ ရလဒ်တွေအရ မွန်ပြည်နယ် လွှတ်တော်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၁၁ နေရာနဲ့ အများဆုံး ဖြစ်ပြီး မွန်ညီညွှတ်ရေးပါတီကတော့ ကိုယ်စားလှယ် ၇ နေရာနဲ့ ဒုတိယ အများဆုံး ဖြစ်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ ပအိုဝ်းအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ ရှေဆောင်ပါတီနဲ့ အမျိုးသားအကျိုး စီးပွားတိုးတက်ရေး ပါတီတို့ကလည်း ကိုယ်စားလှယ် ၁ နေရာဆီ ရရှိထားပါတယ်။

လာမယ့် မွန်ပြည်နယ် လွှတ်တော်မှာ မဲအများဆုံးရသူ အနိုင်ယူ စနစ် FPTP နဲ့ ကိုယ်စားလှယ် ၁၀ နေရာ၊ အချိုးကျ ကိုယ်စားပြုစနစ် PR နဲ့ ကိုယ်စားလှယ် ၁၀ နေရာ၊ တိုင်းရင်းသား လူမျိုး ကိုယ်စား လှယ် ၃ နေရာနဲ့ စစ်တပ်က ကိုယ်စားလှယ် ၈ နေရာ၊ စုစုပေါင်း ကိုယ်စားလှယ် ၃၁ နေရာ ရှိပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.