ဝါရှင်တန်၊ မတ် ၇
အရှေ့အလယ်ပိုင်းမှာ အီရန်နဲ့ တိုက်ခိုက်နေတဲ့ စစ်ပွဲအရှိန်မြင့်တက်လာချိန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အစ္စရေးသို့ ဗုံးခွံ ၁၂၀၀၀ အရေးပေါ် ရောင်းချရေး မတ် ၇ ရက်မှာ ခွင့်ပြုလိုက်ပါတယ်။
ကန်ဒေါ်လာ ၁၅၁ ဒသမ ၈ သန်း တန်ဖိုးရှိ ဗုံးခွံ ၄၅၀ ကီလိုဂရမ် ရောင်းချပေးရေး တောင်းဆိုမှုကို နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နိုင်ငံရေးနဲ့ စစ်မက်ရေးရာ ဗျူရိုက ခွင့်ပြုပေးလိုက်ကြောင်း ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။
အခုလို ရောင်းချမှုကြောင့် အစ္စရေးအနေနဲ့ လက်ရှိနဲ့ အနာဂတ် အန္တရာယ်တွေကို တားဆီးနိုင်စွမ်း တိုးတက်လာမှာ ဖြစ်ပြီး မိခင်နိုင်ငံကို ကာကွယ်ရေး အားကောင်းလာမှာ ဖြစ်သလို ဒေသတွင်း ခြိမ်းခြောက်မှုတွေကိုလည်း ပိုမိုတားဆီးလာနိုင်မှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ရေးပါတယ်။
အဲဒီ ရောင်းချမှုအတွင်း ဗုံးခွံတွေအပြင် အမေရိကန် အစိုးရဆီက ပို့ဆောင်ရေး၊ အင်ဂျင်နီယာပညာနဲ့ နည်းပညာ အထောက်အကူ ပေးတာတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။
လောလောဆယ်မှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က အီရန်အနေနဲ့ ခြွင်းချက်မရှိ လက်နက်ချဖို့ ရာဇသံ ပေးထားပြီး ပစ်အား သိသိသာသာတိုးမြှင့်ပြီးတော့ တိုက်ခိုက်တော့မယ်လို့ ပြောထားပါတယ်။
အစ္စရေးကလည်း အီရန်စစ်ပွဲကို နောက်တစ်ဆင့် တိုးမြှင့်သွားမှာ ဖြစ်ကြောင်း ပြောဆိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပါတယ်။
အမေရိကန် ကာကွယ်ရေး ကုမ္ပဏီကြီးတွေက အဆင့်မြင့် လက်နက် ထုတ်လုပ်မှု လေးဆတိုးဖို့ သဘောတူထားကြောင်း ဒေါ်နယ် ထရန့်က မတ် ၆ ရက်မှာ လူမှုမီဒီယာကနေ ဖော်ပြခဲ့ပါတယ်။
အမေရိကန်က ပြည်ပ တစ်နိုင်ငံသို့ လက်နက်ရောင်းချမယ်ဆိုရင် လွှတ်တော်ရဲ့ ခွင့်ပြုချက် ယူရပေမယ့် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက လွှတ်တော် ခွင့်ပြုချက် မလိုဘဲ ရောင်းချနိုင်အောင် လုပ်ဆောင်ထားပါတယ်။
ဒီလို အရေးပေါ် ရောင်းချမှုဆိုတာက ထရန့် အစိုးရဲ့ ကိုယ်ပိုင်ဖန်တီးချက် တစ်ခု ဖြစ်ပါတယ်လို့ နိုင်ငံခြားရေးဆိုင်ရာ လွှတ်တော် ကော်မတီရဲ့ ဒီမိုကရက် လွှတ်တော်အမတ် ဂရီဂေါ်ရီ မိခ်က ပြောပါတယ်။
ဒီစစ်ပွဲအတွက် ရာနှုန်းပြည့် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ထရန့် အစိုးရက အကြိမ်ကြိမ် ပြောဆိုထားခဲ့ပေမယ့် အခုလို အရေးပေါ် လုပ်ဆောင်ချက်က အပြောနဲ့ အလုပ် ခြားနားနေတယ်လို့ သူက ဖြည့်စွက် ပြောဆိုထားပါတယ်။
Ref:AFP

