KTLA ခြုံခိုတိုက်ခိုက်မှုကြောင့် KNU တပ်ဖွဲ့ဝင် ငါးဦး ဒဏ်ရာရ

သရက်ချောင်း၊ မတ် ၆

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ KTLA ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် KNU တပ်ဖွဲ့ဝင် ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟို မတ်လ ၅ ရက်နေ့ ရက်စွဲနဲ့ အသိပေးထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က သရက်ချောင်းမြို့နယ် သမီးပေါ်သောကျေးရွာနဲ့ပျားသားချောင်းကျေးရွာကြားမှာ KNU လက်အောက်ခံ KNLA တပ်ဖွဲ့ဝင်တွေကို ဗိုလ်အယ်ခွီး (ခေါ်)ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့ဝင်တွေက ခြုံခိုတိုက်ခိုက်ခဲ့တာပါ။

ခြုံခိုတိုက်ခိုက်ခံရတာကြောင့် KNU တပ်မဟာ(၄) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၁၂) က ရဲဘော် ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်ခံရတဲ့ ရဲဘော်တွေဟာ စစ်ကော်မရှင်တပ်နဲ့တိုက်ပွဲ ဖြစ်ပွားနေတဲ့ ရှေ့တန်းသို့ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ သွားပို့ပြီး အပြန်မှာ ခြုံခိုပစ်ခတ်ခံခဲ့တာ ဖြစ်တယ်လို့ KNU တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင် ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

KTLA ရဲ့လုပ်ရပ်ဟာ ကရင်တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်မှုဖြစ်အောင် လုပ်ဆောင်နေတာ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ကော်သူးလေတပ်မတော် KTLA ကို KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင် ၁၆ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပါတယ်။

ကော်သူးလေတပ်မတော် KTLA ဟာ KNU တပ်မဟာ(၄) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း(၁၂)တပ်ဖွဲ့ဝင်တွေကို မကြာခဏဆိုသလို ခြုံခိုပစ်ခတ်တာတွေ လုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.