နေပြည်တော်၊ မတ် ၅

အီရန်စစ်ပွဲကြောင့် စက်သုံးဆီတင်သွင်းမှု လမ်းကြောင်း ပိတ်ဆို့မှုတွေ ရှိပေမယ့် မြန်မာနိုင်ငံမှာ စက်သုံးဆီ ပြတ်လပ်စရာ အကြောင်းမရှိဘူးလို့ စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက မတ်လ ၄ ရက်နေ့ ညပိုင်းမှာ ပြောဆိုလာပါတယ်။

စစ်ကော်မရှင်ဟာ အရှေ့အလယ်ပိုင်းဒေသက အီရန်နိုင်ငံကို အမေရိကန်နဲ့အစ္စရေးနိုင်ငံတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့မှာ စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေး အမိန့်ကြေညာချက် ထုတ်ပြန်လာပါတယ်။

စစ်ကော်မရှင်ရဲ့ ကြေညာချက်ကြောင့် နိုင်ငံအတွင်းမှာ စက်သုံးဆီ ဆိုးဝါးစွာ ပြတ်လပ်လာမှာကို စိုးရိမ်တာကြောင့် ပြည်သူတွေဟာ အဲဒီနေ့ကတည်းက စက်သုံးဆီအရောင်းဆိုင်တွေမှာ အလုအယက် ဝယ်ယူနေတဲ့အတွက် ဒေသတချို့မှာ စက်သုံးဆီ ပြတ်လပ်မှုတွေ စတင်ဖြစ်ပေါ်နေပါတယ်။

စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ မြန်မာနိုင်ငံမှာ စက်သုံးဆီ ပြတ်လပ်စရာ အကြောင်းမရှိကြောင်းနဲ့ နောက်ထပ် ရက် ၄၀ စာ အရန်စက်သုံးဆီတွေ သိုလှောင်ထားသလို ဆိပ်ကမ်းမှာ ဆီမချရသေးတဲ့ သင်္ဘောနှစ်စင်းနဲ့ ဝယ်ယူထားတဲ့ ဆီသင်္ဘော ၁၄ စင်းရှိတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ စက်သုံးဆီသုံးစွဲမှုအရ တစ်ရက်လျှင် ဓာတ်ဆီ ၁ ဒသမ ၅ သန်းဂါလံ၊ ဒီဇယ်ဆီ ၁ ဒသမ ၇ သန်း ဂါလံ၊ စုစုပေါင်းတစ်ရက်လျှင် ဆီဂါလံ ၃ ဒသမ ၂ သန်း ရှိပြီး လက်ရှိမှာတော့ ဓာတ်ဆီဂါလံသန်း ၆၀၊ ဒီဇယ်ဆီဂါလံ သန်း ၇၀ နီးပါး သိုလှောင်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေး အမိန့်ကြေညာချက် ထုတ်ပြန်ရတာဟာ ရေရှည်မှာ ဖြစ်နိုင်တဲ့ အခြေအနေတွေကို တွက်ဆပြီး ထုတ်ပြန်ရတာ ဖြစ်ပေမယ့် စက်သုံးဆီ ပြတ်လတ်စရာ မရှိဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေး အမိန့်ကြေညာချက်အရ EV ယာဉ်တွေမှအပ ကိုယ်ပိုင်ယာဉ်တွေဖြစ်တဲ့ စုံနံပါတ်ပါတဲ့ ယာဉ်တွေဟာ စုံ ရက်တွေမှာ မောင်းနှင်ရမှာ ဖြစ်ပြီး မ နံပါတ်ပါတဲ့ ယာဉ်တွေဟာ မ ရက်တွေမှာ မောင်းနှင်ရမှာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.