သရက်ချောင်း၊ မတ် ၅
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ နှစ်ပတ်အတွင်း စစ်ကော်မရှင်တပ်က အရပ်သား ရှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက မတ်လ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
နှစ်ဖက်စစ်ရေး တင်းမာနေတဲ့ သရက်ချောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ကနေ ဖေဖော်ဝါရီ ၂၇ ရက်နေ့အထိ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးတာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက် လုပ်ဆောင်ခဲ့တာပါ။

စစ်ကော်မရှင်တပ်ဟာ အဲဒီရက်တွေအတွင်း သရက်ချောင်းမြို့နယ်က ကျေးရွာ ခုနှစ်ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၃၆ ကြိမ် ပြုလုပ်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၁ လုံးထက်မနည်း ထိမှန်ပျက်စီးခဲ့ပါတယ်။

သရက်ချောင်းမြို့နယ်ထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကလည်း စုံစင်ဖျားကျေးရွာအနီး ရော်ဘာခြံထဲမှာ စစ်ရှောင်ပြည်သူ ခုနှစ်ဦးကို ဖမ်းဆီးပြီးနောက် သေနတ်နဲ့အနီးကပ် ပစ်ခတ်သတ်ဖြတ်သွားတာ ဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုနဲ့အတူ နှစ်ဖက်တိုက်ပွဲတွေကြောင့် သရက်ချောင်းမြို့နယ်ရှိ ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူ တစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။
သတင်း – သံလွင်တိုင်းမ်

