နိုင်ငံရေးအကျဉ်းသား ၄၄၀၀ ကျော်သာ ပြန်လွတ်သေးတယ်လို့ PPNM ပြော

မော်လမြိုင်၊ မတ် ၆

အာဏာသိမ်း စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ နိုင်ငံရေးအကျဉ်းသား ၄၄၀၀ ကျော်သာ ပြန်လွတ်သေးတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် PPNM က ထုတ်ပြန်ပါတယ်။

PPNM ရဲ့ မတ်လ ၄ ရက်နေ့ ည ၈ နာရီအထိ စုံစမ်းအတည်ပြုမှုအရ စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ နိုင်ငံတဝန်းရှိ အကျဉ်းထောင် ၃၉ ခုက နိုင်ငံရေးအကျဉ်းသူအကျဉ်းသား ၄၄၀၃ ဦးသာ ပြန်လွတ်လာတာပါ။

စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) တို့နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူအကျဉ်းသား ၇၃၃၇ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပေးအပ်ခဲ့တာပါ။

ဒါ့အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) တို့နဲ့ တရားစွဲဆိုခံရသူ ၁၂၄၈၇ ဦးရဲ့ တရားရုံး ကြားနာစစ်ဆေးဆဲ အမှုပေါင်း ၉၅၃၂ မှုကို ပိတ်သိမ်းလိုက်ပြီး တရားခံတွေကို အမှုမှ လွှတ်ပေးလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ ပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသားတချို့ဟာ အမည်စာရင်း ပါပေမယ့် အိမ်ပြတ်လမ်းပိတ်နေဆဲ အခြေအနေနဲ့ ကြုံနေရတယ်လို့ PPNM က အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Dawei Watch

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.