တီဟီရန် မတ် ၃
အရှေ့အလယ်ပိုင်း ဒေသတဝှမ်း ပဋိပက္ခ ပိုမို ပြင်းထန်လာနေချိန် အရေးကြီးတဲ့ ရေနံနဲ့ သဘာဓာတ်ငွေ့ လမ်းကြောင်း ဖြစ်တဲ့ ဟောမု့ဇ် ရေလက်ကြားကနေ ဖြတ်သန်းတဲ့ သင်္ဘောမှန်သမျှကို မီးလောင်တိုက်သွင်းပစ်မယ်လို့ အီရန်က ခြိမ်းခြောက်ထားပါတယ်။
အီရန်အပေါ် အပြင်းထန်ဆုံး တိုက်ခိုက်မှု အဆင့် မရောက်ရှိသေးကြောင်းနဲ့ မိမိတို့ရဲ့ တိုက်ခိုက်ရေး ဗျူဟာတွေကို ထုတ်ဖော်ပြောကြားမှာ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောပါတယ်။
ရီးယာ့ဒ်မြို့အခြေစိုက် အမေရိကန် သံရုံး ဒရုန်းနှစ်စီးနဲ့ တိုက်ခိုက်ခံခဲ့ရပြီး အဆောက်အဦ အသေးစား ထိခိုက်ပျက်စီးမှု ရှိတယ်လို့ ဆော်ဒီအာရေးဗီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
အီရန် အစိုးရကို တားဆီးရေး နောက်ဆုံးနဲ့ အကောင်းဆုံး အခွင့်အရေး ဖြစ်တာကြောင့် အီရန်ကို တိုက်ခိုက်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ညွှန်ကြားခဲ့ပြီနောက် အီရန်က ဒေသတွင်း အမေရိကန် စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်နေပါတယ်။
အမေရိကန်အနေနဲ့ အီရန်ကို ကြီးကြီးမားမား စစ်ဆင်ရေးတွေ ဆက်လက်ပြုလုပ်နေတယ်လို့ ထရန့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က အီရန်ကို အမေရိကန်နဲ့ အစ္စရေးက စတင် တိုက်ခိုက်မှုကြောင့် အီရန် ထိပ်တန်း ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သေဆုံးခဲ့ရပါတယ်။
အဲဒီနောက် အစ္စရေး စစ်တပ်က တီဟီရန်ကို တိုက်ခိုက်မှုတွေ ထပ်ပြီး ပြုလုပ်ခဲ့တဲ့အပြင်
လက်ဘနွန်ရှိ ဟစ်ဇဘိုလာ အဖွဲ့ရဲ့ ပစ်မှတ်တွေကိုလည်း အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။
အန္တရာယ်တွေကို ရာနှုန်းပြည့် ဖယ်ရှားရှင်းလင်းနိုင်တဲ့အချိန်အထိ တိုက်ခိုက်မှုတွေ လုံးဝရပ်တန့်မှာ မဟုတ်ဘူးလို့ အစ္စရေးက ပြောပါတယ်။
ဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် ဘေရွတ်မြို့မှာ လူထောင်ပေါင်းများစွာ ဘေးကင်းရာနေရာတွေဆီ ပြောင်းရွှေ့ခဲ့ရပြီး အစ္စရေးရဲ့ တိုက်ခိုက်မှုများကြောင့် လူ ၅၂ ဦး သေဆုံးကြောင်း လက်ဘနွန် ကျန်းမာရေးအရာရှိတွေက ပြောဆိုပါတယ်။
ဗြိတိန် ဝန်ကြီးချုပ် ကီယာ စတာမာကတော့ ဝေဟင်က တိုက်ခိုက်မှုတွေ ပြုလုပ်ရုံနဲ့ အီရန်မှာ အစိုးရ အပြောင်းအလဲ ဖြစ်လာမယ်လို့ မိမိတို့ အစိုးရက မယုံကြည်တာကြောင့် အမေရိကန်၊ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေမှာ ပါဝင်မှာ မဟုတ်ကြောင်း ပြောထားပါတယ်။
အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အီရန်နဲ့ နျူကလီးယား တည်ဆောက်မှုဟာ မိမိတို့ ကြားဝင် မတားဆီးရင် လပိုင်းအတွင်း တိုက်ခိုက်မှုဒဏ် ခံနိုင်လာတဲ့ အနေအထားကို ရောက်ရှိလာမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လက ၁၂ ရက်ကြာ စစ်ပွဲအတွင်း အမေရိကန်နဲ့ အစ္စရေးက အီရန် နျူကလီးယား တည်နေရာတွေကို တိုက်ခိုက်ခဲ့ပေမယ့် အီရန် စစ်သားတွေနဲ့ နည်းပညာရှင်တွေက မြေအောက်စခန်းတွေ အပါအဝင် နျူကလီးယား စက်ရုံ အသစ်တွေ ပြန်လည် တည်ဆောက်ထားတယ်လို့ ထိပ်တန်းခေါင်းဆောင် ခါမေနီက ပြောခဲ့တာပါ။
အီရန်ကို အခု အရေးမယူရင် နောက်နောင်မှာ အရေးယူဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ကြောင်း ဝန်ကြီးချုပ် နေတန်ညာဟုက ပြောပါတယ်။
အမေရိကန်အနေနဲ့ နောက်ထပ် နှစ်ချီကြာမြင့်တဲ့ စစ်ပွဲ တစ်ခုမှာ ပါဝင် ဆင်နွှဲမှာ မဟုတ်ကြောင်း အမေရိကန် ဒုသမ္မတ ဗင့်စ်က ပြောပါတယ်။ ဒါပေမဲ့ ထရန့်ကတော့ အီရန်ကို တိုက်ခိုက်မှုဟာ လနဲ့ချီ ကြာနိုင်တယ်လို့ ပြောထားပါတယ်။
အီရန် ပဋိပက္ခ ပိုမို ကျယ်ပြန့်လာပြီးနောက် အီရန်က ဟောမု့ဇ် ရေလက်ကြားကို ပိတ်ထားလိုက်ပြီ ဖြစ်ပြီး ဖြတ်သန်းဖို့ ကြိုးပမ်းတဲ့ သင်္ဘောမှန်သမျှ မီးလောင်တိုက်သွင်းပစ်မယ်လို့ ခြိမ်းခြောက်ထားတာဖြစ်ပါတယ်။
Ref:BBC

